Showing posts with label ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ). Show all posts
Showing posts with label ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ). Show all posts

ဒေါသဖြစ်ရင် အဆိပ်သင့်သလို


ဒေါသဖြစ်ရင် အဆိပ်သင့်သလို

(ဒေါသကိုနားလည်ပါ စာအုပ်မှ )


ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့ ။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့်တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့ ။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍သိ၏" တဲ့ ။ ဒေါသစိတ်ကို လို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။
ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေးနည်းနည်းလေးပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလားဆိုတာ ကောင်းကောင်းသိတယ် ။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ် ။အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ မဟုတ်ပါလားဆိုတာ ပိုရှင်းတယ် ။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ် ။ ဒေါသနဲ့ ငါ နဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ ၊ အင်မတန် လွယ်သွားတယ် ။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ် ။
ဘယ်လို ကိလေသာဖြစ်ဖြစ် ၊ လောဘဖြစ်ဖြစ် ၊ ဒေါသ ဖြစ်ဖြစ် ၊ မာန ဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ရဲ့ အထောက်အပံ့ကို မရရင်သူ သိပ်အားမကြီးဘူး ။ ဖြစ်ကြောလည်း မရှည်ဘူး ။ မြန်မြန်နဲ့ ပြေသွားတယ် ။
ကြောက်တာ၊ စိုးရိမ်တာ ၊ ပူပန်တာ၊ သောက ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော် ၊ ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့ ။ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ ၊စိုးရိမ်တာ ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ ။ အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာဘယ်လို ခံစားရသလဲ ၊ သေသေချာချာကြည့်ပါ ။ ခန္ဓာကိုယ် ပူလာတယ် ။ချွေးတွေ ပြန်လာတယ် ။အသက်ရှူ မြန်လာတယ် ။နှလုံးခုန် မြန်လာတယ်။ အဲဒီ အချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာ ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး အစီစဉ်တကျမဖြစ်တော့ဘူး ။ ယောက်ယက်ခတ်ပြီးတော့ ဟိုရောက် ဒီရောက်ဖြစ်တယ် ။ အစီစဉ်မရှိတော့ဘူး ။ တကယ်လုပ်သင့်တာ ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ ၊ စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ် ။ မပြောသင့်တာတွေ ပြောမိတယ် ။
ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ် ။ ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော ၊ စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ် ။ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ် ။ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ် ။ ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။
ဒေါသ ဟာ လေးဘက်လေးတန် အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ် ။ ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး ။ မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ် ၊ ဒါကြောင့်ဒေါသကြီးလွန်းသ အခါဘာမှမမြင်တော့ဘူး ။ မှောင်သွားတယ် လို့ တချို့ပြောကြတယ် ။ အကြောက်လွန်တာလည်းတူတူပါဘဲ ။
ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်းမကြားတော့ဘူး ၊ဒါကြောင့် နားကြား လွဲတတ်တယ် ။ ဒေါသ ဖြစ်နေတဲ့အခါ စားချင် သောက်ချင်စိတ်မရှိဘူး ၊စားရင် လည်းစားလို့မကောင်းဘူး ။ အရသာ ကို ကောင်းကောင်းမသိဘူး ။အနံ့ကို လည်း ကောင်းကောင်းမသိဘူး ။ ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒါဏ်ရာရရင်မနာဘူး ။ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ် ။ ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး ၊ အိပ်ရေး ပျက်တယ် ။ အကြောင်းတစ်ခုခု ကြောင့် တစ်ယောက်ယောက်ကို ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေ ကို ပါဒေါသနဲ့ ပြောမိတတ်တယ် ။ ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ ကိုဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ် ။
ဒေါသ ဟာ ကိုယ့်အကျိုးရော သူတပါး အကျိုးကိုပါမသိ တော့ဘူး ၊ မမြင်တော့ဘူး ။
"ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ "
ဒေါသ ဟာ အကျိုးကို လည်း မသိဘူး ၊ အကြောင်းကိုလည်း မမြင်ဘူး ။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို ဓားပြတစ်ယူသွားတယ် ။ ပြောသင့်တယ် ၊ မပြောသင့်ဘူး ဆိုတာ မဆင်ခြင်နိုင်တော့ဘူး ။လုပ်သင့်တယ် ၊ မလုပ်သင့်ဘူး ဆိုတာကိုလည်း မသိတော့ဘူး ၊ အကျိုးရှိတယ် ၊ အကျိုးမရှိဘူး ဆိုတာလည်း မသိတော့ဘူး ။
ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး ။ discipline မရှိတော့ဘူး ။ စည်းကမ်းမရှိတော့ဘူး ။ ဒေါသ က ကိုယ့်ကို စနစ်မရှိတဲ့ သူ ၊ စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ် ။
ဒေါသ နည်းသွားရင်ကြောက်တာ၊ စိုးရိမ်တာ နည်းသွားတယ် ။ ဒေါသ ဖြစ်တာ ကို သိတာ များလာလေလေ ၊ ဒေါသ နည်းသွားလေလေဘဲ ။ ကြောက်တာ ၊ စိုးရိမ်တာ ကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ ။အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ် ။

ဆက်လက်ဖတ်ရှုရန်...

အမြဲတမ်း ရှိနေတဲ့ အန္တရာယ်


အမြဲတမ်း ရှိနေတဲ့ အန္တရာယ်

(ဒေါသ ကို နားလည်ပါ စာအုပ်မှ )

နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်တိုစရာ ၊ စိတ်ဆိုးစရာ ၊ ဒေါသဖြစ်စရာ တွေဟာ ကိုယ့်ရဲ့ စိတ်အင်အား နဲ့ စိတ်အခြေအနေ ၊ စိတ်ကြည်လင်ရွှင်လန်းမှု ကို ဖျက်ဆီးနေတဲ့ အရာတွေထဲမှာ အကြီးမားဆုံးဘဲ ။ ဒါကြောင့် နေ့ တိုင်းနေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေ ကို သတိထားရမယ် ။
ကိုယ့်ငွေတွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှု ဖြစ်နေတာ ၊ ကုန်သွားနေတာ ကို ဘယ်သူမဆို နှမြောတတ်ကြတယ် ။ အဲဒီလို ပဲ ကိုယ့်စိတ်အင်အားတွေ ၊ စိတ်ကြည်လင်မှုတွေ ကို မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်း ကုန်သွားနေတာကို နှမြောတတ်ဖို့ လိုပါတယ် ။
အလုပ်ကို အဆင်ပြေပြေ နဲ့ အောင်အောင်မြင်မြင် လုပ်ချင်တယ် ဆိုရင် အဲဒီလို စိတ်တိုစရာတွေကို ရှောင်လို့ရသလောက်ရှောင်ရမယ် ။ ရှောင်လို့မရတာကိုတော့ သတိလေးနဲ့ စိတ်ကို သိပြီးတော့ ဒေါသကြီးကြီး မပေါက်ကွဲအောင် နေတတ်ရမယ် ။
ဒေါသ ဟာ အမြဲတမ်း ဖြစ်နိုင်တယ် ။ဒေါသ ဟာ ဒုက္ခ လည်းဖြစ်စေတယ် ။ ဒါကြောင့် ဒေါသဟာ အမြဲတမ်း ရှိနေတဲ့ အန္တရာယ် လို့ဆိုနိုင်ပါတယ် ။
ဒီလို အမြဲတမ်းရှိနေတဲ့ အန္တရာယ် နဲ့ ပတ်သက်ပြီးတော့ လေ့လာထားဖို့ ၊ သိထားဖို့ ၊နားလည်ထားဖို့ လိုတယ်။
ကိုယ့်ကို စိတ်တိုအောင် ၊ ဒေါသဖြစ်အောင် ၊ လုပ်နိုင်တဲ့ အရာ၊ လုပ်နိုင်တဲ့သူဟာ ၊ ကိုယ့်အတွက်အန္တရာယ် ဖြစ်တယ် ။ အဲဒီလို အန္တရာယ် မျိုးကလည်း ကိုယ့်ပတ်ဝန်းကျင်မှာအမြဲတမ်း ရှိနေတယ်။ ဟုတ်သလား ၊ မဟုတ်ဘူးလား ၊ ဟုတ်တယ်နော် ။ကိုယ့်ကို စိတ်တိုအောင် ၊ စိတ်ဆိုးအောင် ၊ မခံချင်အောင် ၊ ဆင်းရဲအောင် လုပ်နိုင်တဲ့ ကိစ္စတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပဲ ရှိနေတယ် ။
ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့အဖော်ပဲ ( အဖော်ကောင်းတော့မဟုတ်ဘူး ) သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ် ။ သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ် ။ လုံးလုံးကြီး ရှောင်လို့က ဖြစ်နိုင်တာမှမဟုတ်ဘဲ ။
အကယ်၍ ရှောင်နိုင်တယ် ဆိုရင် ရနိုင်သလောက် ရှောင်ပါ ။ ဖယ်ရှားနိုင်ရင် ဖယ်ရှားပါ ၊ ရှောင်လို့မရ ၊ ဖယ်ရှားလို့မရ ရင်တော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတဲ့ နည်းလမ်းကို သေသေချာချာ လေ့လာထားရမယ် ။

ဆက်လက်ဖတ်ရှုရန်...

သူများအကြောင်းကို အကောင်းတွေးပါ


သူများအကြောင်းကို အကောင်းတွေးပါ

(ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း စာအုပ်မှ )

Think good of the other , and you are actually thinking good about yourself.
သူများအကြောင်းကို အကောင်းတွေးပါ ။ သူများအကြောင်း အကောင်းတွေးလို့ ရှိရင် ကိုယ့်အကြောင်းကို ပါ အကောင်းတွေးပြီးသားဖြစ်သွားပါတယ် ။
ငါဟာ သူများရဲ့ ကောင်းတဲ့ ဂုဏ်ကို အသိမှတ်ပြုတတ်တဲ့ သူ ၊ တန်ဖိုးထားတတ်တဲ့ သူ ၊ သူများ ကိုယ့်ထက်သာသွားတာကို မနာလိုတဲ့ စိတ်မဖြစ်တဲ့သူ ၊ " ကိုယ့်ထက်သာ မနာလို " ဆိုတဲ့ စိတ်ထားမရှိတဲ့သူ ၊ " ငါဟာ ကိုယ့်ထက်သာတဲ့ သူကိုလည်း သူ နဲ့ထိုက်တန်တဲ့ နေရာကို ပေးနိုင်တဲ့သူ " လို့ ကိုယ့်ကိုကိုယ် ကိုယ်မြင်ပြီးတော့ ကိုယ့်စိတ်ထားကို ကိုယ်လေးစားနိုင်တဲ့သူ ဖြစ်မယ် ၊ စိတ်ချမ်းသာတဲ့ သူဖြစ်မယ် ။
သူများအကြောင်း ကောင်းတာလေးတွေ တွေးရတဲ့ အခါမှာ စိတ်ချမ်းသာတယ်။ ကုသိုလ်စိတ်တွေ ဖြစ်နေတယ် ။ ဘယ်သူ့ အကြောင်းဘဲ ဖြစ်ဖြစ် ကောင်းတာလေးတွေ တွေးနေတယ် ဆိုရင် တွေးနေတုံးမှာကို ပဲ ကိုယ့်စိတ်က ချမ်းသာနေတယ် ။
သူ က ကိုယ့်ကို ကူညီခဲ့တာရှိမယ် ။ အကျိုးပြုခဲ့တာရှိမယ် ။တစ်ခါတစ်လေ ကိုယ့်ကို အကျိုးပြုတာတော့ မဟုတ်ပါဘူး ။သူ က အခြားလူကို အကူညီ ပေးတာရှိမယ် ၊ အဲသလို အခါ ကိုယ်က မြင်ရလို့ ရှိရင် ဪ ...သူဟာစိတ်ထားကောင်းလိုက်တာ ၊ သူများကို သူ အကူအညီပေးတယ် ။ တစ်ခါတစ်လေ သူ့ အလုပ်တွေတောင် အပျက်ခံပြီးတော့ အပင်ပန်းခံ ၊ အဆင်းရဲ ခံ ၊ တစ်ခါတလေ ငွေပါ အကုန်ခံပြီးတော့ အကူအညီ ပေးလိုက်တယ် ။ဒီလို သူများအကြောင်း ကောင်းတာလေးတွေ တွေးနေတယ် ဆိုရင် တွေးနေတုန်း မှာကို ဘဲ ကိုယ့်စိတ်ကချမ်းသာနေတယ် ။

ဆက်လက်ဖတ်ရှုရန်...

ရတဲ့နည်းနဲ့ အလုပ်လုပ်မယ်


ရတဲ့နည်းနဲ့ အလုပ်လုပ်မယ်

(အလုပ်တွင်မွေ့လျော်ခြင်း စာအုပ်မှ )

တချို့က နေမကောင်းလို့ ၊ တချို့ကထိခိုက်ဒါဏ်ရာရလို့ အလုပ်မလုပ်နိုင်တော့ဘူး ။ အလုပ်ကနေ နားနေရတယ်။ အလုပ်က ထွက်လိုက်ရတာလည်းရှိတယ် ။ အလုပ်မလုပ်ပဲ နေရတာကြာရင် သူတို့မခံနိုင်ဘူး ။ ဘာမှမလုပ်ဘဲနဲ့ ထိုင်စားနေရတဲ့ ဘဝကြီးကို လည်း သည်းမခံနိုင်တော့ဘူးနော် ။ အလုပ်ပြန်လုပ်ရဖို့ အရေးဘယ်လို နည်းနဲ့ပဲ လုပ်ရလုပ်ရ ၊ ဘာပဲ ပေးရ ပေးရ ဖြစ်တဲ့ နည်းနဲ့ ပြန်လုပ်ချင်တယ် တဲ့ နော် ။
ကြားဖူးလားမသိဘူး ။ ဒကာကြီး တစ်ယောက်အကြောင်း ဘုန်းကြီး ခဏခဏပြောဖူးတယ် ။ Stephen Hawking ဆိုတာ ၊ အာရုံကြောနဲ့ muscle နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု ဖြစ်နေတယ် ။ ALS လို့ခေါ်တဲ့ ရောဂါ ။ အဲဒီ ရောဂါဖြစ်တာ သူ အသက် နှစ်ဆယ်ကျော်ကတည်းက ၊ သူ Ph.D မရခင် ကတည်းက ဖြစ်တာနော် ။ အခု သူ ငါးဆယ်ကျော်သွားပြီ ။ ငါးဆယ့် ငါးလောက်ရှိမယ်နော် ။
သူ့ရောဂါကြောင့် သူ့muscles တွေ ( ကြွက်သားတွေ ) ဟာ အကုန်လုံးမာသွားတယ် ။ ရှုံ့သွားတယ် ။လှုပ်လို့မရဘူး ။ စကားလည်း ပြောလို့ မရဘူး ။ အခု Stephen Hawking ခန္ဓာကိုယ်က နည်းနည်းပဲ လှုပ်လို့ရတယ် နော် ။ လက်ကလေးနှစ်ချောင်း ပဲလှုပ်လို့ရတယ် ။ အဲဒီ လက်ကလေး နှစ်ချောင်း နဲ့ပဲ ကွန်ပြူတာ ခလုတ်ကို သူကိုင်ထားပြီးတော့ ကွန်ပြူတာ ထဲမှာ စာလုံးစီပြီးတော့ အသံထွက်နိုင်အောင် သူ့ မိတ်ဆွေတစ်ယောက်က တီထွင်ပေးထားတယ် ။
အဲဒီတော့ သူပြောချင်တာရှိရင် အဲဒီ ခလုတ်လေးနဲ့ နှိပ်နှိပ်ပြီးတော့ စာလုံးတွေ စီသွားရတယ်နော် ။ ဒီလက်ကလေး ပဲ လှုပ်လို့ရတယ်နော် ။ စာလုံးလေးတွေ စီပြီးတော့ဝါကျ ဆုံးသွားရင် ခလုပ်နှိပ်လိုက်လို့ရှိရင်အဲဒီ ဝါကျက စကားသံထွက်လာတယ် ။ သူ အဲဒီလို ကွန်ပြူတာ နဲ့ စကားပြောတာကို နားထောင်ဖူးတယ် ။ ဖြစ်တဲ့ နည်းနဲ့ အလုပ်လုပ်တဲ့ သူ့စိတ်ဓာတ်ကို လေးစားပါတယ် ။ သူ့ကို အင်မတန် လေးစားပါတယ် နော် ။
အဲဒီလို သူ စကားမပြောနိုင်တာ နှစ်ပေါင်းများစွာကြာပြီနော် ။အရင်တုန်းက စကားမပီဘူး ။ ပြောလို့ရတယ် ။ နောက်တော့ သူ အဆုတ်ရောဂါ တစ်ခုဖြစ်လို့ တစ်နေရာမှာ ဖောက်လိုက်ရတယ် ။လုံးဝ စကားပြောလို့ မရတော့ဘူး ။ သူ့ ကိုအစားအသောက် သူများက ခွံ့ ကျွေးမှရတယ်။ အစစ အရာရာ သူများပြုစု မှရတယ် ။ ဒါပေမဲ့ အခု အချိန်ထိ သူဟာ England တက္ကသိုလ်တစ်ခု မှာ Professor အလုပ်လုပ်တုန်းပဲ ။
ဒီလက်ကလေးနှစ်ချောင်း လှုပ်လို့ရတာကနေ စာပေ ကျမ်းဂန်တွေကို ရေးတယ် နော် ။ သူရေးတဲ့ စာအုပ်ကျမ်းဂန် ဘုန်းကြီးမှာ ရှိတယ် ။ စဉ်းစားကြည့် ။ သွက်သွက်လက်လက် ရေးနိုင်တဲ့ လူတွေတောင်မှ စာရေးရတာ တော်တော် ပင်ပန်းတယ် နော် ။ သူက ဒီလက်ကလေး နှစ်ချောင်းပဲ လှုပ်လို့ရတယ် ။ ဒါလေးနဲ့ နှိပ်နှိပ်ပြီးတော့ ကွန်ပြူတာနဲ့ သူ စာရေးရတာ။
အစည်းအဝေးပွဲတွေ သူတက်တယ် ။ သူ့ ကို မေးခွန်းတစ်ခု မေးလိုက်ပြီဆို သူ မေးခွန်းကို စဉ်းစားပြီးတော့ ဖြည်းဖြည်းချင်း ၊ ဖြည်းဖြည်းချင်း စာစီနေရတယ် ။ ပရိတ်သတ် ကလည်း ငြိမ်ပြီးတော့ နားထောင်တယ် နော် ။ ဒီပညာရှင် ဘာပြန်ပြောမလဲ ၊ သူ " Yes " လို့ တစ်ခွန်း ပြောတာက အစ အင်မတန် လေးစားတယ် ။ " No" လို့ တစ်ခွန်းပြောတာကအစ အင်မတန် လေးစားတယ် ။ ဖြေလိုက်ရင် လည်းပဲ သူ့  အဖြေဟာ အင်မတန် ရှင်းပြီးတော့ တိုတယ် ၊ တိုတို နဲ့ ရှင်းရှင်း ပြန်ဖြေတတ်တယ် ။
ဒါ့ကြောင့် သူ့စကားကို လူတွေက ပိုတန်ဖိုးထာတာ ၊ စကားအပို တစ်ခွန်းမှ သူ့မှာ မပြောနိုင်ဘူးနော် ။ အဲဒီလောက်အလုပ်ကြိုးစားတဲ့ လူနော် ။ အဲဒီလို ပုဂ္ဂိုလ် ကို ဘုန်းကြီး သိပ်လေးစားတယ် ၊ လူတွေကိုလည်း အဲဒါကို သိစေချင်တယ် ။
နောက်တစ်ယောက်က ကျတော့ Stefan Zweig လို့ခေါ်တဲ့လူ ။ သူက စာရေးဆရာ ၊ ဝတ္ထုတွေ ၊ အတ္ထုပ္ပတ္တိ တွေ ၊ စာပေ ဝေဖန်ရေးတွေ ၊ ပြဇာတ်တွေ ရေးတယ် ။ Stefan Zweig ကလည်းအဲဒီလို ပဲ ။ အာရုံကြောရောဂါ တစ်ခုဖြစ်တယ် ။ ဦးနှောက်တော့ ကောင်းပါတယ် ။ အသိဉာဏ်ကောင်းပါတယ် ။ ဒါပေမဲ့ တစ်ကိုယ်လုံး လှုပ်လို့မရဘူး ။ ခြေလည်း လှုပ်လို့မရဘူး ၊ လက်လည်း လှုပ်လို့မရဘူး ။
Stephen Hawking ကမှ လက်ချောင်းကလေး လှုပ်လို့ ရသေးတယ် ။ Stefan Zweig က ဘာမှလှုပ်လို့ မရဘူးနော် ။ သူလှုပ်လို့ ရတာ မျက်လုံး နှစ်လုံးဘဲ ရှိတယ် ။ အဲဒီ မျက်လုံးပဲ လှုပ်လို့ရတဲ့ လူက ကျမ်းဂန် တွေရေးခဲ့တယ်တဲ့ ၊ ဘယ်လို လုပ်ရေးသလဲ ။ သူ့ ရှေ့တည့်တည့်မှာ Board အကြီးကြီး တစ်ခု လုပ်ထားတယ် ။ အဲဒီမှာ အက္ခရာတွေကို ကြီးကြီး ရေးထားတယ် ။ အဲဒီစာလုံးကို မျက်စိ နဲ့ ကြည့်ပြီး သူက စာလုံးပေါင်းပေါင်းတယ် ။
သူ့မျက်လုံး ဘယ်စာလုံး ကို ကြည့်တယ် ဆိုတာ ကြည့်ပြီး တော့ နောက်တစ်ယောက်က လိုက်ရေးပေးရတယ် ။ အများဆုံးရေးရတာ သူ့ဇနီးပဲ ။ တစ်ကိုယ်လုံး လှုပ်လို့မရတဲ့ လူ ၊ စကားလည်း ပြောလို့မရတဲ့ လူ နော် ၊ မျက်လုံးပဲ လှုပ် လို့ရတဲ့ လူက မျက်လုံးနဲ့ စာရေးတယ် ။ ဘဝ ကို လုံးဝ အရှုံးမပေးဘူး ၊ သူ သိထားတဲ့ အသိဉာဏ်တွေ ကို ပေးထားခဲ့ချင်တယ် နော် ။ မပေးရ မနေနိုင်ဘူး ။ဒီလူတွေဟာ အလုပ်မလုပ်ရ မနေနိုင်ဘူး ။ ဘယ်လောက်ပဲ ကျန်းမာရေး ထိခိုက် ထိခိုက် မရမက လုပ်နေသေးတဲ့ လူတွေပဲ ၊ မလျှော့ဘူး ။
ဘာမှ အလုပ်မရှိဘဲနဲ့ အိပ်ရာထဲ မှာ အိပ်နေရတာကို သူတို့ လုံးဝ လက်မခံနိုင်ဘူး ၊ သည်း မခံနိုင်ဘူး ၊ ရတဲ့ နည်းနဲ့ အလုပ် လုပ်တယ် ။

ဆက်လက်ဖတ်ရှုရန်...

အများဆုံးစိတ်ပင်ပန်း စေတဲ့ သူတွေ


အများဆုံးစိတ်ပင်ပန်း စေတဲ့ သူတွေ

(သတိ နဲ့ပြောပါ စာအုပ်မှ )

Other people can be a big source of stress in our life.
သူ တစ်ပါးဟာ ကိုယ့်ဘဝမှာစိတ် ပင်ပန်း မှုဖြစ်စေနိုင်တဲ့ ကြီးမားတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။
ဖြစ်နိုင်တယ် ဆိုတာထက် ဖြစ်နေတယ် ဆိုတာက ပိုမှန်တယ် ။ သတိထား ကြည့်စမ်းပါ ။ ကိုယ့်ဘဝမှာ ပြောရေး ၊ ဆိုရေး ၊ ဆက်ဆံရေး အဆင်မပြေလို့ ဘယ်လောက် စိတ်ပင်ပန်းနေရတယ် ဆိုတာ...
အားလုံးပဲ ကြုံဖူးကြမှာပါ ၊ ကိုယ့်ဘဝကို သူ တစ်ပါးက လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ခံစားဖူးကြမှာပါ ၊ ကိုယ့်ကို အတင်း အကြပ် သူတို့သဘောအတိုင်း လုပ်ခိုင်းတာတွေကြုံဖူးကြပါတယ်။
သူတို့ ကိစ္စတွေ လုပ်ပေးဖို့ ကိုယ့်အချိန်တွေကို မရမက တောင်းဆိုကြတယ် ။ ပြောရဆိုရ ဆက်ဆံရ တာ သိပ်ခက်ခဲတယ် ။ ရန်လိုတယ် ။ ကိုယ်က မျှော်လင့်ထားတာကို လုပ်မပေးဘူး ။ ကိုယ့်ကို အလေးမထားဘူး ။ ဂရုမစိုက်ဘူး ။ ကိုယ့်ရဲ့ ခံစားချက်ကို လည်း အလေးမထားဘူး ။ ဂရုမစိုက်ဘူး ။ တစ်ဖက်သတ်အနိုင် ကျင့်ပြီး ဆက်ဆံနေတာတွေ တွေ့ကြုံဖူးမှာပဲ။
ဒါမျိုးက ဆက်ဆံရေးတိုင်းမှာ တွေ့ရတတ်ပါတယ်။ တော်တော်များများ တွေ့ရတတ်တယ်။ တဖက်သားရဲ့ ဆန္ဒ ၊ တဖက်သားရဲ့ ခံစားချက်ကို လုံးဝ အသိအမှတ် မပြုဘူး ။ တန်ဖိုးမထားဘူး ။ ငါပြောသလို လုပ် ၊ ငါသိတယ် ။ မင်း တို့ဘာမှပြောစရာ မလိုဘူး ဆိုပြီးတော့ ရာခိုင်နှုန်းပြည့်control လုပ်ထားကြတယ် ။ ဒီလို အပြောမျိုးတွေ ဒီလို သဘောထားမျိုးတွေ ရှိတယ် နော် ။
အားလုံးပဲ ကိုယ့်အလုပ်မှာ ၊ ကိုယ့်အိမ်မှာ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ၊ ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူ ဘယ်သူ ၊ ဘယ်ဝါ ရှိတယ်ဆိုတာ ပြန်စဉ်းစားကြည့်မယ် ဆိုရင် သိနိုင်တယ် ။ ရှိတယ် ။
ဖြစ်နိုင်ရင် အဲဒီလူတွေကို ရှောင်ချင်တယ် ။ ဒါပေမဲ့ အခြေအနေ တော်တော်များများ မှာမရှောင်သာဘူး ။ မရှောင်နိုင်ဘူး ။ ရှောင်လို့ မရဘူး ။
ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ်က သူ တို့နဲ့ အတူတူ နေနေရတယ်။ ခွဲသွားလို့ မရဘူး ။ သို့မဟုတ်ရင် အတူတူ အလုပ်လုပ် နေရတယ်။ရှောင်လို့မရဘူး ။ ကိုယ့်အထက်လူကြီးဖြစ်ချင်ဖြစ်မယ် ၊ တန်းတူရည်တူ လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်ဖြစ်မယ် ၊ ကိုယ့်အောက်လူ ဖြစ်ချင် ဖြစ်မယ် ။ သို့မဟုတ်ရင်လည်းမိသားစုဖြစ်နေ ရင် သူတို့ပတ်သက်ပြီး ကိုယ့်မှာ တာဝန်ရှိနေတယ်။ ဘယ်လိုမှ ထားခဲ့လို့ မရဘူး။
In fact many of the people who cause us the most stress may be people we love very deeply.
တကယ်တော့ ကိုယ့်ကို အများဆုံး စိတ်ပင်ပန်းစေတဲ့ သူတွေဟာ ကိုယ် အင်မတန် နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ် ။
We all know that love relationships can occasion deep emotional pain as well as joy and pleasure.
တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ဆက်ဆံနေတဲ့ ဆက်ဆံရေးတွေမှာ တစ်ယောက်ကို တစ်ယောက်စိတ်ချမ်းသာမှု ပျော်ရွှင်မှု ပေးနိုင်သလို အင်မတန် နက်ရှိုင်းပြင်းထန် တဲ့ စိတ် ဆင်းရဲမှု ကို လည်း ဖြစ်စေနိုင်တယ် ဆိုတာ အားလုံးသိကြပါတယ် ။

ဆက်လက်ဖတ်ရှုရန်...

ညှိနှိုင်းပြီး နေသွားရမှာ


ညှိနှိုင်းပြီး နေသွားရမှာ

(ဒေါသကို နားလည်ပါ စာအုပ်မှ )


လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ ၊ သူ့ဟာသူ ဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး ။ ဒီလောကကြီး ထဲမှာ ကိုယ်က မွေးဖွားလာရတာ၊ ဒါကို နားလည်ပြီး adapt လုပ်ပြီး ၊ ညှိနှိုင်းပြီး နေသွားရမှာ ။
ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင် တတ်နိုင်သလောက် ပြုပြင်ဖို့ တော့လိုပါတယ်။ စိတ်နေသဘောထား ကောင်းတဲ့သူတွေ ၊ သတိနဲ့ နေတတ်တဲ့သူတွေ ၊ ချင့်ချိန်နိုင်တဲ့ သူတွေ ၊ စည်းကမ်းရှိတဲ့ သူတွေ ပိုပြီး များလာအောင် ကူညီရမယ် ။
အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့ တွေ့ ရတဲ့ အခက်အခဲ တွေ ကို ဖြေရှင်းနိုင်အောင် စနစ်တကျသင်ကြား လေ့လာထားဖို့ လိုအပ်သလို ၊ ဆက်ဆံရေး နဲ့ ပတ်သက်ပြီး တော့ တွေ့ရတဲ့ အခက်အခဲတွေ ကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်အောင် စနစ်တကျ သင်ကြားလေ့လာထားဖို့ လိုအပ်ပါတယ် ။
နေ့စဉ် ကြုံတွေ့ နေရတဲ့ အတွေ့ အကြုံတွေ ၊ နေ့စဉ်ကိုယ့်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ ၊ သဘောထားတွေ ၊ နေ့စဉ် ပြောပုံ၊ ဆိုပုံ၊ လုပ်ပုံ ၊ ကိုင်ပုံ တွေ ၊ နေ့စဉ် လူတွေနဲ့ ဆက်ဆံပုံ တွေကို ကိုယ့်ကို" ဘယ်လိုလူ " ဆိုတာကို ပုံဖော်ပေးနေတယ် ။
ဒေါသ ဖြစ်တာ နည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာ လာမယ် ။ ကိုယ့်မိသားစု လည်း စိတ်ပိုချမ်းသာလာမယ် ။ ကိုယ့်လုပ်ဖော် ကိုင်ဖက် တွေလည်း စိတ်ပိုချမ်းသာလာမယ် ။
ဒေါသ နည်းလာရင် စိတ်မငြိမ်မှု နည်းသွားတယ် ။ အရင်စလို လုပ်တာ ၊ ပြောတာ ၊ နည်းသွားတယ် ။ ဒေါသ ဖြစ်တာ ၊ စိတ်တိုတာ များရင် စိတ်လှုပ်ရှားမယ် ။ စိတ်မတည်ငြိမ်နိုင်ဘူး ။ ဒေါသ ဖြစ်နေရင် လုပ်တာ ကိုင်တာ ပြောတာ ဆိုတာ အမှားများမယ် ။ ဆုံးဖြတ်ချက် မှားမယ် ။ ဆုံးဖြတ်ချက် မှားသွားရင် အများကြီး နစ်နာသွားမယ် ။ ဆုံးရှုံးသွားမယ် ...နော် ။
ကိုယ့်ဒေါသ ကကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ ခိုင်းတာ တွေ ကို မလုပ်မိအောင်သတိထားရမယ် ။ ဒေါသကို ဆရာတင် မိရင်မှားမယ် ။
ဒါကြောင့် စိတ်တိုလာရင် သတိ နဲ့ ကြည့်ပါ ။ စိတ်ထဲမှာ တင်းလာတယ် ။ ရင်ထဲမှာ တင်းကျပ်လာတယ် ။ ခေါင်းထဲမှာ တင်းလာတယ် ။ နားထင်တွေ ၊ နဖူးကြောတွေ တင်းလာတယ် ။ တင်း နေတာတွေကို သိပြီးတော့ လျှော့လိုက်ပါ ။ ရသလောက် လျှော့ပါ။

ဆက်လက်ဖတ်ရှုရန်...

အင်အားကြီးတဲ့ စိတ်


ပေးနိုင်တဲ့ စိတ်ဟာ အင်အားကြီးတဲ့ စိတ်

(လေးစားပါတယ် စာအုပ်မှ )


သူများကို အကူညီ ပေးလိုက်ခြင်းအား ဖြင့် ကိုယ့်ကိုကိုယ် လေးစားမှု တိုးလာတယ် ။ စိတ်ချမ်းသာမှုလည်း ရတယ်။ ဒါဟာ တော်တော် အဆင့်မြင့် တဲ့ ကျေနပ်မှု ဖြစ်တယ်။
သူများကို ဒုက္ခ ရောက်အောင် လုပ်ပြီး သူများ ဒုက္ခ ရောက်လို့ ကျေနပ်မှုရတယ် ဆိုတာမျိုးက တော်တော်အဆင့်နိမ့်တဲ့ ကျေနပ်မှု ဖြစ်တယ် ။ ဒီလို လူကို ပတ်ဝန်းကျင်က လေးစားမှာ မဟုတ်ဘူး ။
လူ့ လောက ကြီးကို ပိုပြီးကောင်းလာစေချင်ရင် ဒီလို အခြေခံလေးတွေကို အလေးထားပြီး လုပ်ရမယ် ။ ကိုယ့်စိတ်ထားကို အဆင့်မြှင့်ပါ ။ ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ထားကောင်း တဲ့ သူဖြစ်အောင် လုပ်တာဟာ လောကကြီးရဲ့ အကျိုးကို ဆောင်တာပဲ ။ ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ဖြစ်အောင် လုပ်ပါ ။
ကားမောင်းရင်း ဖြစ်တတ်တာကို ပဲ ဥပမာ ပေးပြီးတော့ စဉ်းစားကြအုန်းစို့ ။ ကိုယ်က ကားမောင်းပြီးတော့ သွားနေတယ် ။ နောက်က ကားတစ်စီး ကလည်း မောင်းလာပြီး တော့ ကျော်တက်ချင် နေတယ်။ အဲဒီ အခါမှာ ကိုယ် က လမ်းမပေးဘဲ ပိတ်မောင်းရင် လည်း ရတယ် ။ ( လမ်းကျဉ်း တဲ့ နေရာ ဆိုပါ တော့ ) ။ ဖယ်ပေးမယ် ဆိုရင်လည်း ရတယ်။ အဲဒီ အခါမှာ ကိုယ်က စိတ်ထားကောင်းကောင်းလေးနဲ့ ကိုယ့်ကားကို လမ်းဘေး ဘက်ကို ချပေးလိုက်တယ် ။ နောက်က ကားက ကျော်တက်သွားတယ် ။ ကိုယ်က လမ်းပေးလိုက်လို့ သူသွားရတာ ။ ကိုယ် ကခွင့်ပြုလိုက်လို့ သူ ရသွားတာ နော် ။ ဘယ်သူက Power ကြီးသလဲ ။ ခွင့်ပြုလိုက်ရတဲ့ သူက Power ကြီးတယ်။ စိတ်ဓာတ်အင်အားကြီးတယ်။
စဉ်းစားစရာနော် ။ ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းထားလို့ သူ ကျော်တက်လို့ မရတာကို Power လို့ခံစားရတာနဲ့ ကိုယ်က လမ်းပေးလိုက်လို့ သူ ကျော်တက်သွားလို့ ရသွားတာကို Power လို့ခံစားရတာ နှစ်မျိုးမှာ ၊ ကိုယ်က ခွင့်ပြုပေးလိုက်လို့ သူ ရသွားတာကို Power လို့ခံစားရတာက အကျိုးပြုတဲ့ Power ဖြစ်တယ်။ နှစ်ဦး နှစ်ဖက် စိတ်ချမ်းသာမှု ရတဲ့ Power ဖြစ်တယ်။ ကိုယ်က ခွင့်ပြုနိုင်ပါလျက်နဲ့ ခွင့်မပြုလို့ သူ မရတာကို Power လို့ခံစားရတာက အကျိုးမပြုတဲ့ Power ဖြစ်တယ် ။ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘူး ။ စိတ်မချမ်းသာဘူး ။ အဆင်မပြေဘူး ။
လူတွေရဲ့ စိတ်မှာ ကိုယ့်ကိုကိုယ်အင်အားကြီးတဲ့ သူ ဆိုတဲ့ ခံစားမှုမျိုး ကို လိုချင်ကြတယ် ။ အဲဒါကို မှန်ကန်တဲ့ နည်းနဲ့ ရအောင် လုပ်သင့်တယ် ။ ပေးတဲ့ သူက အင်အားကြီးတဲ့ သူဆိုတာကို နားလည်သင့်တယ် ။
ပေးနိုင်တဲ့ စိတ်ဟာ လွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မပေးနိုင် တဲ့ စိတ်ဟာ မလွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မအေးချမ်းတဲ့ စိတ်ဖြစ်တယ် ။ တွန့်တို တဲ့ စိတ်ဖြစ်တယ် ။
အင်အားကြီးတဲ့ သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ် ။ အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့ သူ ဖြစ်တယ် ။ အင်အားကြီး တဲ့ သူဟာ ဒီလို အသေးအမွှား( လမ်းပိတ်မောင်း တဲ့ ) နည်းမျိုးနဲ့ အနိုင်မယူသင့်ဘူး ။ အင်အားကြီး တဲ့သူဟာ အနိုင်အရှုံးကို မ စဉ်းစားဘူး ။ သင့်တော်သလား ၊ မသင့်တော်ဘူးလား ဆိုတာ ပဲစဉ်းစားတယ် ။ အင်အားကြီး တဲ့ သူဟာ အသိဉာဏ် နဲ့ ယှဉ်ပြီး စဉ်းစားတယ် ။ ဆုံးဖြတ်တယ် ။ ပုဂ္ဂိုလ် စွဲမပါ ၊ ဘက်လိုက်တာမပါဘဲ လက်ရှိ အခြေအနေ မှာ အသင့်တော်ဆုံး ၊ အကောင်းဆုံး ၊ အကျိုးအရှိဆုံး ကို ရွေးပြီး လုပ်တယ် ။ အသိဉာဏ် က ရွေးချယ်တယ် ။ ဆုံးဖြတ်တယ် ။ အတ္တစွဲ က ရွေးချယ်တာ ဆုံးဖြတ်တာမဟုတ်ဘူး ။
ပုဂ္ဂိုလ် စွဲ၊ အတ္တစွဲ ရဲ့ လွှမ်းမိုး မှုကြောင့် တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်နဲ့ ၊ ဘက်လိုက်တဲ့ စိတ်နဲ့ ၊ မသင့်တော်မှန်းသိရက် နဲ့ မသင့်တော်တာကို လုပ်နေတဲ့ သူဟာ စစ် မှန်တဲ့ စိတ်ချမ်းသာမှုကို မရနိုင်ဘူး ။ နောက်ဆုံးလိုရင်းကို ပြောရရင်ကိုယ့်ကိုကိုယ် တစ်နေ့တခြား ပိုပြီးလေးစားလာအောင် နည်းမျိုးစုံ နဲ့ လုပ်သင့်တယ် ။ ကိုယ့် ရဲ့ စိတ်နေသဘောထား ၊ နေပုံ ၊ ထိုင်ပုံ ၊ ပြောပုံ၊ ဆိုပုံ ၊ စည်းကမ်း ၊ သပ်ရပ်မှု ၊ သန့်ရှင်းမှု ၊ ကိုယ် နဲ့ပတ်သက်သာ မှန်သမျှ အားလုံးကို ပိုပြီး ကောင်းအောင် လုပ်သင့်တယ် ။
ကိုယ့်ကိုကိုယ်ပိုပြီး ကောင်းအောင် လုပ်တဲ့ နည်းနဲ့ ကိုယ့်ကိုကိုယ် လေးစားတဲ့သူ ၊ ကိုယ့်အကျိုးကို ရော ၊ အများအကျိုး ကို ပါ ဆောင်ရွက်နိုင်တဲ့သူ ။ လောကကြီး ကို အလှဆင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေ ။

ဆက်လက်ဖတ်ရှုရန်...

အရင့်ကျက်ဆုံးလူ


အရင့်ကျက်ဆုံးလူဟာ အခြိုးခြံဆုံးလူ

(လေးစားပါတယ် စာအုပ်မှ )


အဖိုးတန်ပစ္စည်းတွေ သုံးနိုင်မှ ၊ အဖိုးတန် အဝတ်အထည်တွေ ဝတ်နိုင်မှ လူ့အဖိုးတန် မဟုတ်ဘူး ။ ကိုယ့်တန်ဖိုးကို ကိုယ်သုံးတဲ့ ပစ္စည်း နဲ့ တန်ဖိုးမဖြတ်သင့်ဘူး ။
တကယ် အသိဉာဏ်လေးနက်တဲ့ သူဟာ သူများထက် အဆပေါင်းများစွာ သာအောင် ကြွားကြွားဝါဝါ မဝတ်ဘူး ၊မနေဘူး ။ စိတ်ထား ရင့်ကျက်လေလေ ၊ အနေအထိုင် အစားအသောက် ရိုးလေလေ ဖြစ်တာ တွေ့ရတယ် ။ အရင့်ကျက်ဆုံး လူဟာ အခြိုးခြံဆုံးလူ ဖြစ်တာ တွေ့ရတယ်။
ဒါကြောင့် ကိုယ့်မှာ ရှိပင် ရှိသော်လည်းခြိုးခြံ ရမယ် ။ မရှိလို့ ခြိုးခြံတာ မဟုတ်ဘူး ။ ဖြုန်းနေတဲ့ လူ ၊ ကြွားနေတဲ့ လူကို မြင်ရတဲ့ အခါ သူ့စိတ်ကို မြင်နေရင် ဘယ်လို သဘောထားမလဲ ။တကယ်လေးစားနိုင်မလား ။ မရင့်ကျက်တဲ့ သူကတော့ အားကျမယ် ၊အထင်ကြီးမယ် ။ ဉာဏ်ရှိတဲ့ သူကတော့ အထင်မကြီးဘူး ။
ဖြုန်းနိုင်တဲ့ သူတွေ ဖြုန်းနေကြတာ ကို အတုယူမှားပြီး တော့ လိုက်တုရင် လူ့ အသိုင်းအဝိုင်း ပျက်စီးမယ် ။ ဒါကြောင့် ကိုယ့် အသိုင်းအဝိုင်းကို ကောင်းစေချင် ရင် စည်းကမ်းရှိရှိ နေပြရမယ် ။ ခြိုးခြိုးခြံခြံ နေပြရမယ် ။ ကိုယ်က good example ဖြစ်အောင် နေတာကိုက လောကအကျိုးကို ဆောင်တာဖြစ်တယ်။ ကိုယ့်မှာ ပေါများနေရင် အများအတွက် အကျိုးရှိမည့် နေရာမှာ သုံးတာကောင်းတယ် ။
လူအများလေးစားတာကို ခံရတဲ့သူတွေကို ကြည့်ရင်သူတို့ဟာ အတတ်နိုင်ဆုံး အများအကျိုး ကိုဆောင်ရွက် ကြတယ်။ အဲသလို စေတနာ မှန်မှန်နဲ့ အများအကျိုးကို ဆောင်ရွက်တဲ့ လူတွေများလာရင် ဒီအသိုင်းအဝိုင်းဟာ ပိုပြီးတော့ ကောင်းလာမယ် ။ ပျော်စရာ ပိုကောင်းလာမယ် ။ အေးချမ်းမယ် ။ ဆင်းရဲချမ်းသာ မရွေး စိတ်ချမ်းသာမှု ရလာမယ် ။
သိပ် တကိုယ်ကောင်း ဆန်တဲ့ လူဟာ ကိုယ့်ကိုကိုယ် လေးစားမှု ( self-respect )မရှိဘူး ။ ပတ်ဝန်းကျင် ကလည်းသူ့ကို တကယ် လေးစားမှာ မဟုတ်ဘူး ။
တကိုယ်ကောင်း ဆန်တဲ့ လူဟာ တကယ်စိတ်ချမ်းသာ တဲ့ သူ ဖြစ်နိုင်မလား ။
တကိုယ်ကောင်း ဆန်တဲ့သူဟာ ဣဿာ မစ္ဆရိယ အားကြီး တယ် ။ ကိုယ့်မှာ ရှိတာကို မျှပြီး ခွဲဝေပြီး မသုံးနိုင်ဘူး ။ သူများရဲ့ ကြီးပွါးမှု ၊ တိုးတက်မှု ကို လှိုက်လှိုက်လှဲလှဲ ဝမ်းမသာနိုင်ဘူး ။ မ လွှဲသာလို့ ပေးရ ရင် စိတ်ချမ်းချမ်းသာသာ နဲ့ မပေးနိုင်ဘူး ။ ပေးလိုက်ပြီးမှ နှမြောနေ တတ်တယ် ။ ဒါကြောင့် လူအများနဲ့ ဆက်ဆံရာမှာ ကိုယ့်ဘက်က ပေးရမှာကို စိုးရိမ်နေတတ်တယ် ။ ငွေကြေး ပေးရမှာ ၊ ပစ္စည်းပေးရမှာ ၊ အချိန်ပေးရမှာ ၊ ပြုစုပေးရမှာ ၊ လုပ်ပေးရမှာ တွန့်ဆုတ်နေတတ်တယ် ။ဒါကြောင့် သူ့မှာ မိတ်ဆွေကောင်းရှားတယ် ။ သူ တစ်ခုခု ပေးပြီးရင် ဘာပြန်ရမလဲ လို့ တွေးနေတတ် တယ်။ပြန်မရရင် စိတ်ဆိုးတတ်တယ်။ သူ့ စိတ်ဟာ မလွတ်လပ်ဘူး ။ ပြန်မရရင်စိတ်ဆိုး တတ်တယ် ။ သူ့စိတ်ဟာ မလွတ်လပ်ဘူး ။ အပေးအယူ အရှုံးအမြတ်ကို ပဲ တွေးနေတတ်တယ် ။ ဆက်ဆံရေးတွေဟာ မျှော်လင့်ချက် နဲ့ဆက်ဆံတာများတယ် ။ ဒါကြောင့် စိတ်ချမ်းသာမှု တကယ်မရဘူး ။
ဒါကြောင့် စိတ်ချမ်းသာတဲ့ သူ ၊ လွတ်လပ်တဲ့ သူ ဖြစ်ချင်ရင် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကို မြင်နိုင်ဖို့နဲ့ ထိန်းနိုင်ဖို့လိုတယ် ။ အထူးသဖြင့် သူများ ဒုက္ခ ရောက်မှ ကိုယ့်မှာ အကျိုးရှိမယ့် အလုပ်မျိုးကို မလုပ်မိဖို့ သတိထားရမယ် ။

ဆက်လက်ဖတ်ရှုရန်...

လောကကို အကျိုးပြုတဲ့ သူ


လောကကို အကျိုးပြုတဲ့ သူ
(လေးစားပါတယ် စာအုပ်မှ )


ကိုယ့်ကိုကိုယ် လေးစားအောင် နေရမယ် ။ ပတ်ဝန်းကျင် ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ် ။ ဘယ်သူ ဘယ်လို ထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့နေချင်သလို နေလို့မရဘူး ။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့် အတွက်ကော ၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ် ။
ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ၊ သူတစ်ပါးကို လည်း လေးစားတဲ့ သူ ၊ သူတစ်ပါးရဲ့ လေးစားမှုကို လည်း ထိုက်ထိုက် တန်တန် ခံ ရတဲ့ သူဟာ လောက ကို အကျိုးပြုတဲ့ သူဖြစ်တယ် ။ ကိုယ့်ကိုကိုယ် လည်း လေးစားမှုရှိအောင် ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစား ပြီးနေ ရင် ဒီလောကကြီး ဟာ ပျော်စရာကောင်းတဲ့ လောကကြီး ဖြစ်မယ် ။
နားလည် စေချင်တာက ဘဝမှာ ဒီလို အခြေခံကျတဲ့ အချက် ကလေးတွေ က အရေးကြီးဆုံး ဆိုတာပဲ ။ အိမ်ရဲ့ အုတ်မြစ်လိုပဲ ။ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး ။ ဘယ်လောက်ပဲ ပညာတတ် နေ တတ်နေ ၊ စိတ်ထားမကောင်းဘူး ၊ အကျင့်စာရိတ္တ မကောင်းဘူး ၊ ခန္ဓာ ကိုယ် မသန့်ရှင်းဘူး ၊ နေထိုင်တဲ့ ပတ်ဝန်းကျင် လည်း မသန့်ရှင်းဘူး ဆိုရင် လူ့အဖိုးတန် လို့ပြောလို့ မရဘူး ။
တချို့ ပညာသိပ် မတတ်ပါဘူး ။ ဘာဘွဲ့မှ မရှိဘူး ။ ဒါပေမဲ့ စိတ်ထား ကောင်းတယ် ၊ အကျင့်စာရိတ္တ ကောင်းတယ် ၊ နေတာ ၊ထိုင်တာ သပ်ရပ်တယ် ၊ သန့်ရှင်းတယ် ။ အဲဒီလို လူကို လေးစားပါတယ် ။လုံ့ လဝီရိယ ရှိဖို့ သိပ်အရေးကြီးတယ် ။ ကိုယ်တကယ် တတ်နိုင်တာကို လုပ်ရဉ်း ပိုကောင်းအောင် လုပ်သွားရမယ် ။
ကိုယ့်ကိုကိုယ် " ငါလူပျင်း " လို့တွေးမိရင် ဘယ်လိုခံစားရမလဲ ။
ကိုယ့်ကိုကိုယ် လေးစားလို့ရမှာမဟုတ်တော့ဘူး ။
မရတော့ဘူးနော် ၊ ပတ်ဝန်းကျင်ကရော " ဒီလူဟာ လူပျင်းပါကွာ" လို့ ပြောလိုက်တဲ့ အခါ ၊ အဲဒီလို အတွေးမျိုး တွေးတယ် ဆိုရင်ဘဲ လေးစားမှုမ ရှိတော့လို့တွေးတာပဲ ။ ပျင်းတာဟာ လောကကြီးကို ဖျက်ဆီးတဲ့ အရာတစ်ခုဖြစ်တယ် ။
ကိုယ့်မှာ ခန္ဓာ ကိုယ်အင်အားတွေ ရှိတယ် ။ စိတ်ဓာတ်အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေရှိတယ် ။ အဲဒီ အင်အားတွေ ကို ကောင်းတဲ့ နေရာမှာ အပြည့်ဝ သုံးနေရမယ် ။ သုံးနေရင် ထွက်နေမယ် ။ မသုံးဘဲ ထားရင် ကြာရင် မထွက်တော့ဘူး ။ လုပ်နိုင်သလောက် အစွမ်းကုန် လုပ်မှ တကယ် ကျေနပ်မှုရမယ် ။ လုပ်နိုင်သလောက် မလုပ်ဘဲ လျှော့လုပ်ရင် ကြာရင် တဖြည်းဖြည်း နဲ့ လုပ်နိုင်တဲ့ စွမ်းရည် တွေ လျော့သွားမယ် ။
ကောင်းတယ် ၊ လုပ်သင့်တယ် ၊ အကျိုးရှိတယ် လို့ သိထားရင် လုပ်နေမှ ဖြစ်မယ် ။ ကောင်းတယ် ၊ အကျိုးရှိတယ် ၊ လုပ်သင့်တယ် လို့ သိလျက်နဲ့ မလုပ်ရင် ကိုယ့်ကိုကိုယ် လေးစားမှုနည်းသွားမယ် ။ ပတ်ဝန်းကျင် ကလည်း မလေးစားဘူး ။
လုပ်သင့်တာကို သိကြပါတယ်။ သိသလောက်ကို ဖြစ်အောင်လုပ်မယ် ဆိုရင်ပဲ တော်တော်တိုးတက်မှာပါ ။ သိသလောက်ကို တောင် တကယ်မလုပ်ကြဘူး ၊ သက်သာအောင်နေကြတယ် ၊ အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာ ဘူး ။ အပျော်အပါးကို ဦးစားပေးပြီး တော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့ သူဟာ ရေရှည် မှာ မပျော်နိုင်တော့ဘူး ။ ပူပင်သောက များမယ် ။
သိတော့သိတယ် ၊ ဘာဖြစ်လို့ မလုပ်တာလဲ ။ အဲဒါ စဉ်းစားဖို့ ကောင်းတယ် ။ အရေးမကြီးဘူးထင်လို့လား ။ ကိုယ့်ကိုကိုယ် လေးစားမှု ရှိအောင် နေဖို့ ဆိုတာ အရေးအကြီးဆုံးအလုပ်ဖြစ်တယ် ။

ဆက်လက်ဖတ်ရှုရန်...

စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်


စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်

( ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း စာအုပ်မှ ---)


စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ် ။ မကောင်းတဲ့ မျိုးစေ့တွေ ကျလာရင် မကောင်းတဲ့ အပင်ပေါက်မယ် ။ ကောင်းတဲ့ မျိုးစေ့တွေ ကျလာရင် ကောင်းတဲ့ အပင်ပေါက်မယ် ။ ဒါကြောင့် နေ့စဉ်ဘယ်လိုမျိုးစေ့ တွေ ရောက်လာနေသလဲ ဆိုတာ ကို သတိထားဖို့ လိုတယ် ။
မကောင်းတဲ့ အပင်ကို ရေ မှန်မှန် လောင်းပြီး မြေဩဇာ မှန်မှန် ပေးနေရင် မကောင်းတဲ့အပင် ဟာ သန်လာမှာပဲ ။ ကောင်းတဲ့ အပင် ကို ရေ မှန်မှန် လောင်း ပြီး မြေဩဇာ မှန်မှန် ပေးနေ ရင် ကောင်း တဲ့ အပင်ဟာ သန်လာမှာပဲ ။
အတွေးတိုင်းဟာ မျိုးစေ့တွေ ပဲ ။ ဒါကြောင့် အတွေးတွေ ကို သတိထားပါ ။ မတွေးသင့်တာတွေ ကို များများတွေးနေ ရင်မကောင်း တဲ့အပင် ကိုရေလောင်း နေတာနဲ့တူပါတယ် ။
Take charge of your thoughts. ကိုယ့်အတွေးတွေ ကို ကိုယ်တာဝန်ယူပါ ။
ကိုယ့်ဘဝ အဆင်ပြေချင်ရင် အဲဒီ က စရမယ်နော် ။ တခြားနေရာ က စဖို့ စိတ်မကူးနဲ့ ၊ သဘာဝ မကျဘူး ။ သဘာဝ မကျရင် ရေရှည် အဆင်မပြေ နိုင်ဘူး ။ စေတနာမှန်မှန် သဘောထား မှန်မှန် အသိအမြင်မှန်မှန် နဲ့ လုပ်မှဘဲ ရေရှည် အဆင်ပြေပြီး စိတ်ချမ်းသာ မယ် ။ စေတနာ မမှန်တဲ့သူတွေ လုပ်ရပ် မမှန်တဲ့ သူတွေ ခဏအဆင်ပြေပြီး သိပ်မကြာခင်မှာ စိတ်ဆင်းရဲစရာ တွေ အမျိုးမျိုးနဲ့ ရှုပ်ထွေး တဲ့ဘဝ ကို နေသွားရတာ မျက်မြင် ကိုယ်တွေ့ပဲ ။
သေသည် အထိ တစ်သက်တာ စိတ်အေးအေးချမ်းချမ်း နေသွားနိုင်မယ့် စီမံကိန်း ကို ရေးဆွဲပါ ။ ခဏ အဆင်ပြေတဲ့ နည်းဟာ အတိုးနဲ့ ပြန်ဆပ် ရတတ်တယ် ။ ကိုယ့်စိတ်ကို ကိုယ် တကယ်ညာလို့  မရနိုင်ပါဘူး ။ စိတ်ထားမကောင်းရင် စိတ်ချမ်းသာမှု မရနိုင်ပါ ဘူး ။
ဉာဏ်နဲတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ် ။ ဉာဏ်ပညာ ရင့်ကျက်တဲ့ သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ် ။ ကိုယ့်ပတ်ဝန်း ကျင်မှာကိုယ်သိတဲ့ သူတွေ ကို လေ့လာ ကြည့်ပါ ၊ ဘယ်လိုလူမျိုးဟာ စိတ်အေးချမ်း သလဲ။ ငွေ ၊ ဂုဏ် ၊ ရာထူး ၊ ပစ္စည်း ဥစ္စာ ၊ ကျော်ကြားမှု စတဲ့ ပြင်ပတွေ ကို ဦးစားပေးတဲ့ သူတွေ စိတ်ချမ်းသာမှု မရကြပါဘူး ။စိတ်ထားမကောင်းရင် စိတ်အေးချမ်းမှု မရနိုင်ဘူး ဆိုတာ အင်မတန် သေချာတဲ့ တရားပါ ။ မလွဲပါဘူး ။
" စိတ္တေန နီယတိ လောကော " " လောက ကို စိတ်က ဦးဆောင်တယ် " လို့ ဘုရား ဟောတာ ရာနှုံးပြည့် မှန်ပါတယ် ။ ဒါကြောင့် ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ်ဖြစ်ချင်တာနဲ့ တန်တဲ့ စိတ်ထား ကို အရင်မွေးပါ ။
နေ့ စဉ် ကိုယ့်စိတ်ကို လမ်းမှန်နေအောင် လမ်းတည့် ပေးနေရင် တဖြေးဖြေး အားမကိုးသင့်တာတွေ ကို အားမကိုးနေတော့ဘဲ အယူသည်းတာတွေ ဗေဒင် ယတြာ ယုံတာတွေ ပျောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေ ကို သဘာဝ ကျကျ အကြောင်းအကျိုး ကိုက်အောင် တွေးပြီး အကြောင်းမှန်ကို လုပ်လို့ အကျိုးမှန်ကို ရလာလိမ့်မယ် ။ ဒါကြောင့် စိတ်အေးချမ်းမှုလည်း ပိုရှိလာမယ် ။
ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးသ၍ စိတ်အေးချမ်းမှူ မရှိနိုင် သေးဘူး ဆိုတာ ကိုတော့ လေးလေးနက်နက် သဘောပေါက် မှဖြစ်မယ်နော် ။

ဆက်လက်ဖတ်ရှုရန်...

ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်


ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်
(အထီးကျန်ဘဝမှလွတ်မြောက်ခြင်း စာအုပ်မှ )


ဒီဘုန်းကြီး နဲ့ သိတဲ့ လူတစ်ယောက်အကြောင်းအရင်တုန်းက နဲနဲပြောဘူးပါတယ်။ အခုထပ်ပြောချင်တယ် ။ သူ့ကို အမေရိက မှာ တွေ့ ခဲ့တာပါ ။ သူဘုန်းကြီးကျောင်းကို လာတော့ သူ့ကို " ဘာဖြစ်လို့ကျောင်းကိုလာတာလဲ " လို့ မေးကြည့်တော့ " အိပ်မပျော်လို့ပါ " တဲ့ ။ " ကျောင်းကိုလာ ရင် ဘုန်းကြီးတွေ က အိပ်ပျော်တဲ့ နည်းများပေးမလားလို့ပါ " တဲ့ ။
အိပ်မပျော်တဲ့လူဟာ စိတ်မငြိမ်းချမ်းလို့ပါ ။ စိတ်ကို ငြိမ်းချမ်းအောင်လုပ်တတ်လို့ ရှိရင် အိပ်ပျော်ပါတယ် ။ စိတ်ထဲမှာသောက တွေ သိပ်များနေတယ် ။ စိတ်လှုပ်ရှားမှုတွေ သိပ်များနေတယ်။ စိုးရိမ်မှု ၊ ပူပန်မှုတွေ များနေတယ် ။ အတွေးတွေကို ရပ်လို့မရဘူး ဆိုရင် အိပ်ချင်နေပေမယ့် လည်း အိပ်လို့မပျော်ဘူး ။
သူ့အမူအရာ ၊ အပြောအဆိုကို ကြည့်ရတာ နဲနဲ ကြမ်းတမ်းတဲ့ အမူရာမျိုးရှိနေတာကို တွေ့ရတယ် ။ မကျေနပ်မှုတွေ တော်တော် များနေတာတွေ့ ရတယ် ။ ပြီးတော့ နဲနဲ ထိုင်းမှိုင်းတဲ့အမူရာ လည်းရှိတယ် ။ နောက်မှ သိရတာက အဲဒီ ဒကာမ ကြီးဟာ မူးရစ်ဆေးဝါးလည်း စွဲနေတယ်။ အိပ်ဆေး လည်း စွဲနေတယ် ။
သူ့ ကိုပထမ ဦးဆုံး စိတ်နူးညံ့ သွားအောင် ဆိုပြီးတော့ မေတ္တာ ပွါးနည်း သင်ပေးလိုက်တယ် ။ နောက်တစ်နေ့ကျတော့ " အဆင်ပြေ ရဲ့လား"လို့ မေးကြည့်တော့ " မေတ္တာပွါးလို့ မရဘူး" တဲ့ ။ ဒါနဲ့ သူ့ကို " မေတ္တာပွါးတာ ဘာခက်လို့တုန်း ။ ကိုယ့်ကိုကိုယ် စပြီး မေတ္တာ ပွါး ဘို့ဘဲ ၊ ကိုယ့် ကိုကိုယ် ချမ်းသာစေချင်တယ် မဟုတ်လား " လို့ ဆိုတော့ သူဘာမှ မပြောဘူး ။တိတ်နေတယ်။ နောက်တော့ ဆက်မေး ကြည့်တဲ့ အခါ ရောက်တော့ " ကိုယ့်အကြောင်း ကိုယ် မတွေးချင် ဘူး ၊ မေ့ထားချင်တယ် " တဲ့ ။ " တစ်ယောက်တည်းနေ လို့ မရဘူး ။ တစ်ယောက်တည်းနေ လိုက်ရင် ကိုယ့် အကြောင်း ကိုယ်တွေးမိ ပြီး စိတ်ပျက်တယ် " တဲ့ ။
" ကိုယ့်ကိုကိုယ် မချစ်ဘူးလား " ဆိုတော့ " ကိုယ့်ကိုကိုယ် မချစ်ဘူး" တဲ့ ။ ဒါနဲ့ တဆင့် တက်ပြီး မေးကြည့်တယ်။ " မိဘ တို့ ဆရာသမား တို့ကို ရော မချစ်ဘူး လား " ဆိုတော့ " အဖေ ကငယ် ငယ်ကတည်း က ကွဲသွားတယ် "တဲ့ ။" အဖေ က အရက်စွဲနေတယ်။ အလုပ်ကောင်း ကောင်း မလုပ်ဘူး ။ မိသားစု ကို လည်း ကောင်းကောင်း မထောက်ပံ့ဘူး " တဲ့။ နောက်တော့ အသည်းကြွမ်း တဲ့ ရောဂါ နဲ့ ဆုံး သွားတယ်။ အမေ က တော့ အဖေ နဲ့ ကွဲသွားတဲ့ နောက်ပိုင်းမှာ အလုပ်လုပ်ရ တဲ့ အတွက်ကြောင့် သူတို့ မောင်နှမတွေ ကို ဂရုမ စိုက်နိုင် ဘူး တဲ့ ။ ပြီး တော့ အမေ ဟာ ဂရုစိုက် မယ် ဆိုရင် စိုက်နိုင်ပါရဲ့ နဲ့ တစ်ခါ တစ်လေ သူ့ဟာသူ ပျော်သလို ၊ သက်သာ သ လို ပဲ နေတယ် တဲ့ ။ အဲဒီ တော့ သူဟာ အဖေ့ မေတ္တာ လည်း မရ ဘူး ။ အမေ့ မေတ္တာ လည်း မရဘူး ။
"အမေ့ ကိုချစ်သလား " ဆိုတော့ " အမေ့ အသံတောင် မကြားချင်ဘူး " တဲ့ ။ အဲဒီ လောက်ထိအောင် ဆိုးတယ်နော်။

" အမေ က တယ်လီ ဖုန်း ဆက်ရင် တယ်လီဖုန်း ကောက်ပြီး နားထောင်လိုက်တဲ့အခါမှာ အမေ့ အသံ ဆိုတာ သိလိုက်တာ နဲ့ တစ်ပြိုင်နက် ပြန်ချ လိုက်တာပဲ ၊ ဆက်မပြောတော့ဘူး " တဲ့ ။
" ဆရာ သမား တွေ ထဲ မှာရော " ဆိုတော့ " ဆရာ သမား တွေ ထဲမှာ လည်း ချစ်တဲ့ သူမရှိ ဘူး " တဲ့ ။ " သူငယ်ချင်း မိတ်ဆွေ တွေထဲမှာ ရော " ဆိုတော့ " ဒါလည်းဘဲ တွေ့ လို့ ကြုံလို့သာ ဆက်ဆံ နေရတာပါ ၊ ဘယ်သူ့ ကိုမှ တကယ် ချစ် တယ် ဆိုတာ မရှိဘူး " တဲ့ ။ ဒါနဲ့ ဘုန်းကြီး လည်း တော်တော် စိတ်ညစ်သွား တယ် ။ ဘယ်လိုမှ ပြောလို့မရတော့ဘူး ။ နောက်ဆုံး တော့ " ပွင့်ပွင့်လင်းလင်းပြောမယ်နော် ၊ လူဆိုတာ ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ဘုရားဟော လည်း ရှိတယ် ။ ကြား လည်းကြား ဘူးတယ် ။ စာတွေ ပေတွေ ထဲ မှာလည်း ဖတ် ဘူး တယ် ၊ ကိုယ့် ကို ကိုယ် လည်း ဒီလိုဘဲ ခံစားရတယ်။ ပြီးတော့ ဒီလောက် သတ္တဝါ တွေ များတဲ့ လောကကြီးထဲ မှာ တစ်ယောက် ကိုမှ မချစ်ဘူး ဆိုတာတော့ ဒီတစ်ခါ ကြားဖူးတာ ပထမ ဆုံးပါပဲ ။ အပြစ်တင်တယ် လို့ တော့ မထင်ပါ နဲ့ ။ တကယ် အံ့ဩလို့ပါ " လို့ပြောတော့ သူ လည်း စိတ်မကောင်း ဖြစ်သွားတယ် ။
သူဟာသူ အကြာကြီး စဉ်းစား ပြီး တော့ " ချစ်တာ တစ်ဦး တော့ ရှိတယ် " တဲ့ ။ " ဘယ်သူတုံး" ဆိုတော့ " သူငယ်ချင်း ရဲ့ ခွေးလေး " တဲ့ ။ သူ့ရဲ့ ကိုယ်ပိုင် ခွေး လည်း မဟုတ်ဘူ ။ " ဒီခွေး လေး နဲ့ ကစားရရင် ပျော်တယ် " တဲ့ ။ အဲဒီတော့ တစ်လောကလုံးမှာ ( ကိုယ့်ကိုကိုယ် လည်း မချစ်ဘူး ။ တခြား ဘယ်သူ့ကို မှလည်း မချစ်ဘူး ) ချစ်စရာ ဆိုလို့ ခွေးလေး တစ်ကောင်ပဲရှိတဲ့ သူ့ ရဲ့ အထီးကျန် အဖော်မဲ့ ခံစားမှု " Lonliness " ကိုမှန်းဆပြီး ကြည့်စမ်းပါ ။ ဘယ်လောက် သနား စရာ ကောင်းလဲလို့ ။
ဒါပေမယ့်  ဒီဒကာမ ကြီး ဟာ တရား ကို တော်တော်လေး ကြိုးစား အားထုတ်ပါတယ် ။ ငါးလ ၊ခြောက်လ လောက်ကြိုးစား အားထုတ်ပြီးတဲ့ နောက်မှာ အရက်တွေ ၊ မူးယစ်ဆေးဝါးတွေ ၊ အိပ်ဆေးတွေ အကုန်ပြတ်သွား တယ် ။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လာတယ် ။ သူ့စိတ်ထဲ မှာ ကြည်လင်မှု အေးချမ်းမှု ရှိလာတယ် ။ ဒီလို ဖြစ်လာ တဲ့ အခါမှာ သူ့အမေ အကြောင်း ပြန်တွေးတဲ့ အခါ အမေကို သနားလာ တယ်။ အမေဟာ ငယ် ငယ် ရွယ်ရွယ်နဲ့ ယောက်ျား နဲ့ ကွဲသွားတယ် ။ တစ်ယောက် တည်း ဒီကလေးတွေ နဲ့ ဘဝ ကို ရုန်းကန်ရတယ် ။ တစ်ခါ တစ်လေ လည်း သူပျော်သလို ၊ စိတ်ချမ်းသာ သလို နေမှာ ပေါ့ ။ အမေ့ စိတ်ထဲ မှာ ဘယ် လို ခံစား ရမလဲ ဆိုတာ တွေးပြီးတော့ နဲနဲ ကိုယ်ချင်းစာပြီး တော့ သနားသွားတယ် တဲ့ ။ အဲဒီ နောက်မှာ အမေ က တယ်လီဖုန်း ဆက်ရင် အေးအေးဆေးဆေး စကား ပြန်ပြောတယ် ။ နောက်တော့ အတွေ့ ခံတယ် ။
အမေ ကြီး ခမျာ အသက်ကြီးလာ တော့ သမီး ကို ပိုချစ်လာတယ် ထင်တယ် ။ ငယ်ငယ် တုန်း က တော့ သူ့ ဒုက္ခ နဲ့ သူ ဆိုတော့ သူ့သား သမီးတွေ ကို သိပ် ဂရုမ စိုက်နိုင်ခဲ့ဘူး ။ ကြီးလာ တော့ ဒီသမီး ကို ပိုချစ်လာတယ်။ သမီးကို အားကိုး လာ တယ် ။ သမီး နဲ့ တွေ့ချင် တယ် ။ သမီး နဲ့ နေချင်တယ် ။ ဒါပေမဲ့ သမီး က လုံးဝ လက်မခံခဲ့ ဘူး ။ ဘယ်လောက်ထိ အောင် ပြောသလဲ ဆိုတော့ " အမေ လာခဲ့ ရင် _တဲ့ ၊Bay Bridge တံတား ပေါ် ကနေ ခုန်ချ ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ် " တဲ့ ။အဲဒီ လောက်ထိအောင် သူ့ရဲ့ နာကြည်းနေ တဲ့ ခံစားချက် က ပြင်းထန် တယ်နော် ။ အခုတော့ အဲဒီ အမေ ကို သနားလာတယ် ။ အမေ နဲ့ အတွေ့ခံတယ် ။ တရားအားထုတ်လို့ နဲနဲ ငြိမ်းချမ်း မှု ရှိလာတဲ့ အခါကျတော့ သနားတတ်လာတယ်။ ချစ်တတ် လာတယ် ။ ကိုယ်ချင်းစာ တတ်လာတယ် ။ ဒီလို ချစ်တတ် ကိုယ်ချင်းစာတတ် လာတာနဲ့ ကိုပဲ အဖော်မဲ့ နေတဲ့ ခံစားမှု "Lonliness " ကတော်တော် သက်သာလာတယ် ။
( ဒီအချက် က သေသေချာချာ စဉ်းစားစေချင်တယ် ။ ချစ်တတ် ကိုယ်ချင်းစာတတ် တဲ့ သူဟာ အဖော်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနဲ တယ် ။ )
အနောက်နိုင်ငံ မှာ အဲဒီ လို ဖြစ်နေပြီနော် ။ မြန်မာပြည် မှာ လည်း နဲနဲ ဖြစ်လာနေတာ ကို တွေ့ နေရပါပြီ။ ဒီ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထား ပဲ လေးလေးနက်နက် စဉ်းစားပါ နော် ။ တချို့ လူတွေဟာ ကိုယ့်ကိုကိုယ် တောင်မှ မချစ်ဘူး ။ ကိုယ့် အကြောင်း ကို မေ့ထားချင်တဲ့ သူတွေ ၊ ကိုယ့်ကိုကိုယ် မုန်းတဲ့ သူတွေ ရှိတယ် ။ ဘာဖြစ်လို့ လဲ ဆိုတာ ကို စဉ်းစားပါ ။

ဆက်လက်ဖတ်ရှုရန်...