ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) သို့ ပေးစာများ ( ၂ )


ကြည်ညိုရိုသေစွာ ဖြင့်လျှောက်ထားအပ်ပါတယ် ဘုရား

တပည့်တော်သည် ဝိပဿနာတရားတော်မြတ်ကို အားထားယုံကြည်သူဖြစ်ပါတယ် လက်တွေ့လည်း ကျင့်ပွါးနေပါတယ် ဒါပေမဲ့ တပည့်တော်ဟာ တရားနာတဲ့ အမှုမှာတော့ အားနည်းပါတယ်

တပည့်တော် နာဖူးသော တရားတို့မှာလည်း တပည့်တော်စိတ်မှာ နှစ်သက်ခြင်း မရှိလို့မနာဖြစ်ခဲ့ပါ နောက်အကြောင်းတစ်ခုမှာလည်း နေ့စဉ်ပရိတ်တော်များ ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်း ၊စီးပွါးရေး လူမှုရေး လုပ်ရခြင်း အားလပ်ချိန် တီဗီကြည့်ခြင်း စာဖတ်ခြင်း ဖြင့် ငါ့မှာ တရားကို ထိုင်ပြီးနာဖို့ အချိန်မရှိပါဘူး လို့ သတ်မှတ်ပြီးတရားမနာဖြစ်ခဲ့ပါဘူး ဘုရား

ကိုယ့်ဘာသာလည်း တရားနာတာနဲ့ တရားစာပေ ဖတ်ရှူတာဟာ အတူတူပါပဲ စာအုပ်ကမှ နေရာမရွေး၊ အချိန်မရွေး ဖတ်လို့ရတယ် ပြန်စဉ်းစားချင်ရင် သုံးသပ်ချင်ရင်လည်း ခဏပိတ်ထားလို့ ရတယ် ကက်ဆက်ကမှ မီးလာမှ ပြန်ရစ်ရမှ နဲ့ ဝန်ကျယ်တယ်လို့ ဆုံးဖြတ်ပြီးတရားမနာ ဖြစ်ခဲ့ပါဘူး

အရှင်ဘုရား ရဲ့ တရားတော်များနဲ့ ထိတွေ့တာကတော့ မိတ်ဆွေက ငှါးလို့ " အရှုတ်ထဲမှာ ရှင်းအောင်နေ " အခွေကို စနာဖူးပါတယ်။ သာမန်ကာ ရှန်ကာပဲ နာဖြစ်လိုက်ပါတယ်။ စိတ်ထဲမှာစွဲမသွားဘူး ထိမသွားဘူး မကြာခင်မှာ အရှင်ဘုရား ရဲ့ " အရှုတ်ထဲမှာ ရှင်းအောင်နေ " ဆိုတဲ့ စာအုပ် ထွက်လာပါတယ်။ လူပြောလည်းများတာ နဲ့ ကိုယ်ပိုင်ဝယ်ပြီး ဖတ်ပါတယ် ဖတ်တယ် စဉ်းစားတယ် underline တားထားတယ် နည်းနည်းသဘောကျလာပါတယ်။ ဘဝ ဆိုတဲ့ ကျောင်း စာအုပ်ထွက်တော့ ပိုသဘောကျသွားပါတယ် နောက်ဆို အရှင်ဘုရား ရဲ့ စာအုပ်ထွက်တိုင်း ဝယ်သိမ်းထားပါတယ် သူများကို လက်ဆောင်ပေးပါတယ်။ တပည့်တော် ဟာ အရှင်ဘုရားရဲ့ တပည့်ရင်းတစ်ဦး ဖြစ်သွားပါပြီ အရှင်ဘုရား ကို မဖူးဘူးပေမဲ့ ကိုယ့်ကို အမြဲဆုံးမတဲ့ ဆရာ ရင်းလို့ ပဲ နှလုံးသွင်းပါတယ်။ မေတ္တာလည်း ပို့ပါတယ် ဘုရား သတိ နဲ့ နေတဲ့ အကျင့်ကိုလည်း လေ့ကျင့်မွေးမြူပါတယ်။

အရှင်ဘုရား စာအုပ်တွေထဲက တချို့စာပိုဒ်တွေဟာ စိတ်ထဲမှာ စွဲထင်ပြီး အလွတ်ရနေပါတယ်။ ရံဖန်ရံခါ စိတ်အနှောက်အရှက် ဖြစ်ရတဲ့ အခါများမှာ ဆေးတစ်ခွက် ဖြစ်ရပါတယ်။ ဥပမာ - ဘယ်သူမှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ ကိုယ့်စိတ်ထဲမှာကြမ်းတမ်းတဲ့ စိတ်တွေ မဖြစ်စေနဲ့ ဆိုတဲ့ စကားဟာ စိတ်ဘဝင်မကျစရာ ကိစ္စကြုံလို့ စိတ်လှုပ်ရှားနေတုန်းမှာ ဖြတ်ခနဲ သတိရလိုက်ရင် ဖြစ်နေတဲ့ ဖြစ်လာတဲ့ ဒေါသမုန်တိုင်းဟာ ရုတ်တရက် ငြိမ်ကျသွားတတ်ပါတယ်။ သူ ဘာပဲဖြစ်ဖြစ် ငါ့စိတ်ထဲမှာ အကုသိုလ် မဖြစ်အောင် ငါအေးချမ်းအောင်ပဲ နေပါမယ်လို့ ဆင်ခြင် နှလုံးသွင်း လိုက်မိတယ် တစ်ခါတလေတော့လည်း အကုသိုလ်ဝေ ဖြစ်တော့မယ် ဖြစ်တော့မယ် နဲ့ ဖြစ်မှာကို သိလျက်သားနဲ့ ငါ့အကြောင်းတော့ ပြအုံးမှ နို့မို့ရင် ငါ့ကို အတုံး အအ ထင်နေမယ် အစွမ်းအစမရှိ အောင်းမေ့ နေမယ် ဆိုပြီး တမင်စိတ်ကို လွှတ်ပေးတဲ့ အခါရှိပါတယ် ဒါပေမယ့် နည်းပါတယ် ဘုရား

" ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ " စာအုပ်ထဲက ( တခြားစာအုပ်တွေမှာ လည် ပါဖူးပါတယ် ) ကိုယ့်ကို ဒုက္ခပေးတာ သူများမဟုတ်ဘူး ကိုယ့်စိတ်ပဲ ဆိုတဲ့ အဆုံးအမ ကို အရမ်းနှစ်သက်သွားပါတယ် အင်မတန် မှန်လိုက်တာလို့လည်း ဆင်ခြင်မိပါတယ်။ ဒီတရားပိုဒ်ကလေး က တပည့်တော်မှာ " လက်ကိုင်တစ်ခု " သို့မဟုတ် "ဖြေဆေးတစ်ခု " ရလိုက်သလို ပါပဲ အဆင်မပြေ ကြုံတဲ့ အခါများမှာ ငါ့စိတ်က ငါ့ကို ဒုက္ခပေးနေတာ ငါ့စိတ်မထားတတ်လို့သာပဲ လို့ ဖြေယူနိုင်နေပါပြီ

ပြီးတော့ ခုတပည့်တော် တရားလည်း နာနေပါပြီ ဘုရား ကက်ဆက်ကို ထမင်းစားခန်းထဲ ရွှေ့ထားလိုက်ပါတယ်။ မနက်စောစော ကော်ဖီသောက်ချိန် နေ့လည်စာ ညနေစာ စားတဲ့ အချိန်တွေမှာ အလျဉ်းသင့်သလို တရားနာပတယ်။ အစားတစ်ခါ စားရင် ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် ကြာတော့ စားရင်းနဲ့ပဲ တရားနာလိုက်ပါတယ်။ တရား နာချိန်ကို ရှာယူတတ် သွားပါပြီ အရှင်ဘုရား ရဲ့ တရားခွေ တော်တော်များများကို လည်း နာပြီးပါပြီ။ စားပြီးတဲ့ အချိန် ကက်ဆက်ကိုပိတ်ပြီး သွားစရာ လုပ်စရာ ကို ဆက်လုပ်၊နောက်တစ်ခါစားချိန်မှာ တစ်ခါဖွင့်ပြီး ရောက်တဲ့နေရာ က ဆက်နာပါတယ် အခုတော့ အရှင်ဘုရား ရဲ့ တရားတော်တွေကို ဖတ်လည်းဖတ် နာလည်းနာ နိုင်ပါပြီ ဘုရား

တပည့်တော်ဟာ ဒေါသကြီးပါတယ်ဘုရား ဒါပေမဲ့ အခု သတိနဲ့ နေလာတဲ့ အခါ အလေ့အကျင့်ကြောင့် အလေ့အထဖြစ်လာပြီး ဒေါသဟာ ဖြစ်ကြောမရှည်တော့ပါဘူး။ ဒေါသ ဖြစ်လာရင် ဖြစ်လာမှန်း သိပြီး ဆင်ခြင်လိုက်ပါတယ်။ ဒေါသ ဟာ ပေါက်ကွဲတဲ့ အဆင့်ထိ မရောက်တော့ပါဘူး

ပစ္စုပ္ပန် လက်ရှိဘဝမှာရော သံသရာ အတွက်ပါ စိတ်ချမ်းသာအောင် နေတတ်ဖို့ အရှင်ဘုရား ရဲ့ ဆုံးမ ညွှန်ပြမှုကို ခံယူရတဲ့ အတွက် အရှင်ဘုရား ကို ကျေးဇူးတင် ဦးခိုက် ကန်တော့ပါတယ် ဘုရား အရှင်ဘုရား ကိုယ် စိတ်နှစ်ပါး ချမ်းသာပါစေ ဘုရား ဒီစာ ကို ဝါကျွတ် ကန်တော့ပန်း အဖြစ်ရေးလိုက်ပါတယ် ဘုရား

တပည့်

* ( နံမည် နှင့် နေရပ်ကို ချန်ထားခဲ့ပါသည် )

ဒကာကြီး မေတ္တာပို့တာကို ဝမ်းမြောက်ဝမ်းသာ ခံယူပါတယ်။

ဆက်လက်ဖတ်ရှုရန်...

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) သို့ ပေးစာများ ( ၁ )


တကယ်တော့ ဘုရားစာ တွေသာ တင်မယ် လို့ စိတ်ကူးမိပေမယ့် ဆရာတော်ထံ ပေးစာများ ကို ဖတ်မိပြီး သူတို့နည်းတူ စိတ်အေးချမ်းမှူ ကို ခံစားရပြီး ဆရာတော် အပေါ် လည်း အရင့် အရင် ထက် ပိုမို ကြည်ညို လေးစား ၊ ဆရာတော် ရဲ့ တရားတွေ ကို လည်း ကြည်နူးစိတ်နဲ့ ပိုမို ဖတ်ရှူ မိပါတယ်။ ကျွန်မ ရဲ့ ထို ကုသိုလ်စိတ်ကို ဝေမျှလို တဲ့ အတွက် ဤဆရာတော် ထံပေးစာ တချို့ ကို ဒီဘလော့ မှာ တင်မိပါတယ်။

ကြည်နူးစိတ် နဲ့ ကုသိုလ်ယူနိုင်ကြပါစေ ။

……………………………………………………………………………………..

ကျေးဇူးရှင်ဆရာတော် ဘုရား

ဆရာတော် ပေးသောအသိပညာများကို ကြိုးစားလေ့လာသင်ယူ နေကြတဲ့ တပည့်များထဲမှ တပည့်တစ်ဦးရဲ့ သီတင်းကျွတ် ကန်တော့ပန်းပါ ဘုရား

တပည့်တော် အရင်က သံတောင်မြို့သစ်မှာ / မူပြလုပ်ပါတယ် ဘုရား ဝါသနာပါ ပျော်မွေ့ပေမဲ့ နှစ်လုပ်ပြီးနှုတ်ထွက်ခဲ့ပါတယ် ဘုရား။ ၁၉၉၃ ခု ဖေဖော်ဝါရီလ ထဲမှာ စပြီးဈေးရောင်းခြင်းအလုပ်ကို ရွေးချယ်ခဲ့ရပေမဲ့ ဝါသနာ မပါပါဘူး။

ငါးနှစ်ကြာကာလအထိ အခက်အခဲပြဿနာ ကြီးကြီးမားမား မတွေ့ခဲ့ရပါဘူး ဝါသနာမပါပေမဲ့လည်း စမိတာအတူတူ ကိုယ်လုပ်တဲ့ အလုပ်ကို ပုံပေါ်အောင် အခြေတည်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ကျနိုင်ချိန်မှာ ဈေးသဘာဝ ဈေးပညာတွေနဲ့ ကြုံတွေ့ရတော့တာပါပဲ ဘုရား။ ဝါသနာမတူ စရိုက်မတူတဲ့ ပတ်ဝန်းကျင် မှာ ပဋိပက္ခတွေ အများကြီး တွေ့ပြီး အရမ်းပင်ပန်း ဆင်းရဲခဲ့ပါတယ် ဘုရား။

စပြီး စိတ်ဆင်းရဲမှုကြုံတွေ့တဲ့ အချိန်မှာဘဲ ဆရာတော်ရဲ့ " အရှုပ်ထဲမှာ ရှင်းအောင်နေ " စာအုပ်ကို အသိအိမ်မှာတွေ့လို့ ငှါးခဲ့ပါတယ်။ စာအုပ်ရဲ့ အမည်ကို စိတ်ဝင်စားမိပြီး အထဲမှာရေးထားတဲ့ အကြောင်းအရာကို သိချင်တာကြောင့်ပါ ဘုရား ဖတ်ပြီးတော့ နှစ်သက်သဘောကျမိပြီး ထွက်ပြီးသမျှ စာအုပ်များကို ရှာဝယ်လိုက်ပါတယ်။ ဆရာတော်ရဲ့ စာအုပ်တွေ ဖတ်ခွင့်ရတာ တပည့်တော် အရမ်းကံကောင်းပါတယ် ဘုရား

တပည့်တော် စိတ်ထဲမှာ အရမ်းပူလောင်နေခဲ့တာပါဘုရား ဒေါသတွေ မာနတွေ အခါအားလျှော်စွာပဲ မနာလိုစိတ်တွေနဲ့ပေါ့ ဘုရား။

သူတို့ဘဝ ကောင်းကျိုးချမ်းသာရဖို့တော့ ကိုယ့်မှာ စိတ်ရော ကိုယ်ပါ ကူညီခဲ့ရတယ် ကိုယ့်ကျတော့ ပြန်မသိတတ်ဘူး။ ကျေးဇူးကန်းပြီး အကောက်တောင် ကြံသေးတယ် ပြိုင်လိုက်သေးတယ် နဲ့ တွေးပြီးရွံမုန်းရင်း ပူလောင်နေခဲ့ပါတယ် ဘုရား။ မပေါင်းအပ် မပေါင်းသင့်သူတွေကို ပေါင်းမိတာပဲ လို့တွေးပြီး စိတ်ဆင်းရဲနေတာလည်းပါပါတယ် ဘုရား

ဟန်ဆောင်စကားပြောဆက်ဆံနေရတာကိုလည်း မလိုချင်ဘူး အဲဒါနဲ့ တပည့်တော် အဆက်ဖြတ်လိုက်တယ် ။ဒါပေမဲ့ ဆိုင်ချင်းကပ်နေတော့ မတွေ့ချင် မြင်လျက်သားပေါ့ ဘုရား မြင်တိုင်း ကြားတိုင်း မုန်းတယ် ဒေါသ ထွက်တယ် နေ့စဉ် ပူနေရတော့တာပေါ့ ဘုရား ကြာတော့ တပည့်တော် စိတ်ပန်းပြီး လူလည်း ခဏခဏ ဖျားတယ် အကျင့်ပျက်လို့ ဘုရား

မကောင်းစိတ်တွေပါလားလို့ သိပြီးဖျောက်ပေမဲ့ ထိန်းချုပ်ပေမဲ့ လည်း မနာလိုစိတ်တွေ က သူ့ဘာသာ ရှိရှိလာပါတယ်။ အဲဒီစိတ်တွေ ရှိလာတာကိုလည်း မကြိုက်ပါဘူး ဘုရား ကိုယ့်အကျင့်တွေ ပုတ်လာမှန်းသိပေမဲ့ ဖျောက်တာ ဖျောက်လို့ မရဘူး ဖြစ်နေပါတယ် စိတ်ကောင်းရှိချင်ပေမဲ့ မကောင်းစိတ်တွေပဲ ရောက်နေတယ် အဲဒီ စိတ်နှစ်ခုကြားမှာ လွန်ဆွဲရုန်းကန်နေရတာ အရမ်းပင်ပန်းပါတယ် ဘုရား

တပည့်တော် ရတနာ သုံးပါးကိုယုံကြည်ပါတယ် သိတတ်စ အရွယ်ထဲကပဲဘာသာတရား ကိုင်းရှိုင်းပေမဲ့ တစ်ခါ မှ တရားမထိုင်ဖူးဘူး သတိပဋ္ဌာန် အကြောင်းလည်း မသိပါဘူး ဘုရား မသိတော့ကိုယ့်စိတ်ကိုလည်း မကြည့်တတ်နဲ့မို့ အရမ်း စိတ်ဆင်းရဲ ရပါတယ် ဘုရား။

သတိတရားနဲ့ နေမှ စိတ်ချမ်းသာမှာပါလား ဆိုတာ ဆရာတော် စာအုပ်တွေ ဖတ်ရင်း သိခွင့်ရခဲ့ပါတယ် အဲဒါနဲ့ တပည့်တော်လည်း ဆရာတော်စာအုပ်တွေ ဖတ်လိုက် တရားစခန်းဝင်လိုက်နဲ့ လုပ်ရပါတော့တယ်။ ဆရာတော် ရဲ့စာအုပ်တွေ က အထောက်အပံ့ အများကြီးပေးပါတယ် ဘုရား။

အခုတပည့်တော် ရန်သူတွေအပေါ်ကို ကျေးဇူးတင်တတ်ပါပြီ ဘုရား။ သူတို့တွေနဲ့ အဆင်မပြေလို့ စိတ်ပူလောင်ဆင်းရဲရတဲ့ ဒဏ်ကို မခံနိုင်လွန်းလို့ အေးချမ်းရာရှာဖို့ ဒီတရားကို အားထုတ်ဖြစ်တာပါ ဘုရား အားလုံးသာ အဆင်ပြေနေရင် တပည့်တော် နည်းလမ်းလည်းရှာမှာ မဟုတ်လို့ ဘာမှလည်းသိမှာမဟုတ်ပါဘူး ဘုရား။

အရင်ကဆိုဘဝ ရဲ့ ရည်ရွယ်ချက် အောင်မြင်မှု ပျော်ရွှင်မှု အစစ်အမှန်ရဲ့ အဓိပ္ပါယ်ကို တွေးမိတိုင်း အဖြေမရခဲ့ပါဘူး ဆရာတော် ပြောပြမှ တပည့်တော် သိလိုတဲ့ အဖြေကို သိရပါတယ် ဘယ်လိုနည်းနဲ့ ရယူနိုင်တယ် ဆိုတာကိုပါ သိခွင့်ရခဲ့ပါတယ် ဘုရား ဘယ်လိုပြုပြင်ရမယ် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းမသိရင် - မသိတော့ ဘာမှမလုပ်တတ်ပါဘူး ဘုရား

ဆရာတော်ပေးတဲ့ နည်း အသိပညာတွေဟာ အများကြီးတန်ဖိုးရှိပါတယ် ဘုရား။ လောကဓံကို တရားအသိနဲ့ ရင်ဆိုင်နိုင်အောင် စိတ်ကောင်းရှိဖို့ စိတ်ချမ်းသာစွာနေတတ်အောင် ကျေးဇူးတင်တတ်အောင် မေတ္တာထားတတ်အောင် အများကြီးပဲ သင်ပေးပါတယ် ဘုရား။

အခု တပည့်တော် ဘဝအတွက် အရေးပါတဲ့ သူတွေကို အရင်ကထက် ပိုတန်ဖိုးထားရမှန်းသိလာပါတယ်။ အရေးမကြီးတဲ့သူတွေကိုလည်း အဆင်ပြေအောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာပါတယ် ဘုရား။ အရေးကြီးတာ မကြီးတာ ခွဲထုတ်တတ်လာပြီး ၊ အရင်လို နေရာတကာ ဝင်မပါတော့ပဲ နေတတ်လာပါပြီ ။ လူမုန်းမခံရတော့ဘူးပေါ့ ။

တပည့်တော် လေးနှစ်ခွဲသမီး အရွယ်ထဲက မိခင်ဆုံးပါးခဲ့ပြီး (၇) နှစ်အရွယ်ကျတော့ နောက်မေမေ ရပါတယ် ဘုရား ။ တပည့်တော် က မာနကြီးဒေါသကြီး ပြီး အင်မတန် ဂျစ်တူးကျတဲ့ သူပါ ဘုရား ။ ထမင်းစားတိုင်း ဟင်းကို စိတ်ကြိုက်ပုံစံ ချက်ထားတာမဟုတ်ရင် အမြဲလို စိတ်ကောက်ပြီး ပညာပြ ဂျစ်တူးကျပါတယ် ဘုရား ။ အခုမေတ္တာပို့ရင်း ကျေးဇူးတင်ရင်း စားတော့ ထမင်းစားရတာ ပျော်စရာကောင်းသွားပါတယ် ဘုရား ။ သူ့ဘက်ကို ပိုတွေးပေးပြီး ကိုယ်ချင်းစာတတ်လာပါတယ် ဘုရား ။

အရင်ကမသိခဲ့တာတွေ သိလာတတ်လာရပြီး ကောက်ချက်ချလိုက် အမှားတွေ ပြင်လိုက် နဲ့ အဆင်ပြေပါပြီ ဘုရား ။ နည်းပညာ အသစ်တွေနဲ့ ကြိုးစားပြီး လောကဆက်ဆံရေးထဲ ဝင်ရတာ ကျေနပ်စရာ ပျော်စရာ ကောင်းပါတယ် ဘုရား။ ကိုယ်ကြိုးစားလုပ်သမျှတွေကြောင့် ရလာတဲ့ လုပ်အားခတွေကို တွက်ရတာလည်းတွေးမိတိုင်း ပျော်ပါတယ် ဘုရား။ စိတ်ခံစားမှုနဲ့ အလျှင်းသင့်တဲ့ စာကြောင်းတွေ ခေါင်းထဲဝင်လာပြီး သူ့ နေရာ နဲ့ သူ အံဝင်ခွင်ကျ ဖြစ်နေတယ် ။ ကိုယ့်စိတ်ကို ဆုံးမလို့ရတာ များလာပါတယ် ။ အရာရာကို သတိလေးနဲ့ ကြည့်ပြီးနေတတ်အောင် ကြိုးစားနေပါတယ် ဘုရား ။

တပည့်တော်နေ့စဉ် ပုံမှန် မနက်တစ်နာရီ ညနာရီဝက် နေ့လည် ( တစ်နာရီ မှသုံးနာရီ ကြား ) ရသလို အဆင်ပြေသလို တရားထိုင်ပါတယ် ဘုရား ။ ကျန်အချိန်တွေကို လည်း သူ့အချိန် နဲ့ သူ သတ်မှတ်ခွဲဝေထားပါတယ် ။ သတိကပ်ဖြစ်အောင်ကြိုးစားပါတယ် ဘုရား။

ဆရာတော် ရဲ့ စာအုပ်တွေက တပည့်တော် ကို ( စား - ဝတ် - နေ ) နည်းတတ်အောင် သေသေချာချာ စိတ်ရှည်ရှည် နဲ့ နည်းစုံစွာ သွန်သင်ပြသပေးတဲ့ အနီးကပ် ဆရာပါဘဲ ဘုရား။

တပည့်တော် ဘဝအသိအမြင်တွေ အများကြီးရပါပြီ ဘုရား ။

ဆရာတော် စိတ်ချမ်းသာခြင်း ၊ ကိုယ်ချမ်းသာခြင်း ပြည့်စုံစွာဖြင့် တရားအရာမှာ ပြီးမြောက်အောင် စွမ်းဆောင်နိုင်ပါစေ ။

ဆရာတော် ၏ ကျေးဇူးဂုဏ်ကို ရည်မှန်းကန်တော့လျက်ပါ ဘုရား ။

တပည့်

(.....)

* ( အမည် နှင့် နေရပ်ကို ချန်ထားခဲ့ပါသည် )

ဆက်လက်ဖတ်ရှုရန်...