ဒေါသဖြစ်ရင် အဆိပ်သင့်သလို


ဒေါသဖြစ်ရင် အဆိပ်သင့်သလို

(ဒေါသကိုနားလည်ပါ စာအုပ်မှ )


ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့ ။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့်တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့ ။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍သိ၏" တဲ့ ။ ဒေါသစိတ်ကို လို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။
ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေးနည်းနည်းလေးပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလားဆိုတာ ကောင်းကောင်းသိတယ် ။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ် ။အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ မဟုတ်ပါလားဆိုတာ ပိုရှင်းတယ် ။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ် ။ ဒေါသနဲ့ ငါ နဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ ၊ အင်မတန် လွယ်သွားတယ် ။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ် ။
ဘယ်လို ကိလေသာဖြစ်ဖြစ် ၊ လောဘဖြစ်ဖြစ် ၊ ဒေါသ ဖြစ်ဖြစ် ၊ မာန ဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ရဲ့ အထောက်အပံ့ကို မရရင်သူ သိပ်အားမကြီးဘူး ။ ဖြစ်ကြောလည်း မရှည်ဘူး ။ မြန်မြန်နဲ့ ပြေသွားတယ် ။
ကြောက်တာ၊ စိုးရိမ်တာ ၊ ပူပန်တာ၊ သောက ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော် ၊ ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့ ။ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ ၊စိုးရိမ်တာ ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ ။ အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာဘယ်လို ခံစားရသလဲ ၊ သေသေချာချာကြည့်ပါ ။ ခန္ဓာကိုယ် ပူလာတယ် ။ချွေးတွေ ပြန်လာတယ် ။အသက်ရှူ မြန်လာတယ် ။နှလုံးခုန် မြန်လာတယ်။ အဲဒီ အချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာ ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး အစီစဉ်တကျမဖြစ်တော့ဘူး ။ ယောက်ယက်ခတ်ပြီးတော့ ဟိုရောက် ဒီရောက်ဖြစ်တယ် ။ အစီစဉ်မရှိတော့ဘူး ။ တကယ်လုပ်သင့်တာ ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ ၊ စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ် ။ မပြောသင့်တာတွေ ပြောမိတယ် ။
ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ် ။ ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော ၊ စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ် ။ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ် ။ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ် ။ ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။
ဒေါသ ဟာ လေးဘက်လေးတန် အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ် ။ ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး ။ မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ် ၊ ဒါကြောင့်ဒေါသကြီးလွန်းသ အခါဘာမှမမြင်တော့ဘူး ။ မှောင်သွားတယ် လို့ တချို့ပြောကြတယ် ။ အကြောက်လွန်တာလည်းတူတူပါဘဲ ။
ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်းမကြားတော့ဘူး ၊ဒါကြောင့် နားကြား လွဲတတ်တယ် ။ ဒေါသ ဖြစ်နေတဲ့အခါ စားချင် သောက်ချင်စိတ်မရှိဘူး ၊စားရင် လည်းစားလို့မကောင်းဘူး ။ အရသာ ကို ကောင်းကောင်းမသိဘူး ။အနံ့ကို လည်း ကောင်းကောင်းမသိဘူး ။ ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒါဏ်ရာရရင်မနာဘူး ။ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ် ။ ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး ၊ အိပ်ရေး ပျက်တယ် ။ အကြောင်းတစ်ခုခု ကြောင့် တစ်ယောက်ယောက်ကို ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေ ကို ပါဒေါသနဲ့ ပြောမိတတ်တယ် ။ ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ ကိုဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ် ။
ဒေါသ ဟာ ကိုယ့်အကျိုးရော သူတပါး အကျိုးကိုပါမသိ တော့ဘူး ၊ မမြင်တော့ဘူး ။
"ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ "
ဒေါသ ဟာ အကျိုးကို လည်း မသိဘူး ၊ အကြောင်းကိုလည်း မမြင်ဘူး ။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို ဓားပြတစ်ယူသွားတယ် ။ ပြောသင့်တယ် ၊ မပြောသင့်ဘူး ဆိုတာ မဆင်ခြင်နိုင်တော့ဘူး ။လုပ်သင့်တယ် ၊ မလုပ်သင့်ဘူး ဆိုတာကိုလည်း မသိတော့ဘူး ၊ အကျိုးရှိတယ် ၊ အကျိုးမရှိဘူး ဆိုတာလည်း မသိတော့ဘူး ။
ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး ။ discipline မရှိတော့ဘူး ။ စည်းကမ်းမရှိတော့ဘူး ။ ဒေါသ က ကိုယ့်ကို စနစ်မရှိတဲ့ သူ ၊ စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ် ။
ဒေါသ နည်းသွားရင်ကြောက်တာ၊ စိုးရိမ်တာ နည်းသွားတယ် ။ ဒေါသ ဖြစ်တာ ကို သိတာ များလာလေလေ ၊ ဒေါသ နည်းသွားလေလေဘဲ ။ ကြောက်တာ ၊ စိုးရိမ်တာ ကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ ။အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ် ။

No comments: