အင်အားကြီးတဲ့ စိတ်


ပေးနိုင်တဲ့ စိတ်ဟာ အင်အားကြီးတဲ့ စိတ်

(လေးစားပါတယ် စာအုပ်မှ )


သူများကို အကူညီ ပေးလိုက်ခြင်းအား ဖြင့် ကိုယ့်ကိုကိုယ် လေးစားမှု တိုးလာတယ် ။ စိတ်ချမ်းသာမှုလည်း ရတယ်။ ဒါဟာ တော်တော် အဆင့်မြင့် တဲ့ ကျေနပ်မှု ဖြစ်တယ်။
သူများကို ဒုက္ခ ရောက်အောင် လုပ်ပြီး သူများ ဒုက္ခ ရောက်လို့ ကျေနပ်မှုရတယ် ဆိုတာမျိုးက တော်တော်အဆင့်နိမ့်တဲ့ ကျေနပ်မှု ဖြစ်တယ် ။ ဒီလို လူကို ပတ်ဝန်းကျင်က လေးစားမှာ မဟုတ်ဘူး ။
လူ့ လောက ကြီးကို ပိုပြီးကောင်းလာစေချင်ရင် ဒီလို အခြေခံလေးတွေကို အလေးထားပြီး လုပ်ရမယ် ။ ကိုယ့်စိတ်ထားကို အဆင့်မြှင့်ပါ ။ ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ထားကောင်း တဲ့ သူဖြစ်အောင် လုပ်တာဟာ လောကကြီးရဲ့ အကျိုးကို ဆောင်တာပဲ ။ ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ဖြစ်အောင် လုပ်ပါ ။
ကားမောင်းရင်း ဖြစ်တတ်တာကို ပဲ ဥပမာ ပေးပြီးတော့ စဉ်းစားကြအုန်းစို့ ။ ကိုယ်က ကားမောင်းပြီးတော့ သွားနေတယ် ။ နောက်က ကားတစ်စီး ကလည်း မောင်းလာပြီး တော့ ကျော်တက်ချင် နေတယ်။ အဲဒီ အခါမှာ ကိုယ် က လမ်းမပေးဘဲ ပိတ်မောင်းရင် လည်း ရတယ် ။ ( လမ်းကျဉ်း တဲ့ နေရာ ဆိုပါ တော့ ) ။ ဖယ်ပေးမယ် ဆိုရင်လည်း ရတယ်။ အဲဒီ အခါမှာ ကိုယ်က စိတ်ထားကောင်းကောင်းလေးနဲ့ ကိုယ့်ကားကို လမ်းဘေး ဘက်ကို ချပေးလိုက်တယ် ။ နောက်က ကားက ကျော်တက်သွားတယ် ။ ကိုယ်က လမ်းပေးလိုက်လို့ သူသွားရတာ ။ ကိုယ် ကခွင့်ပြုလိုက်လို့ သူ ရသွားတာ နော် ။ ဘယ်သူက Power ကြီးသလဲ ။ ခွင့်ပြုလိုက်ရတဲ့ သူက Power ကြီးတယ်။ စိတ်ဓာတ်အင်အားကြီးတယ်။
စဉ်းစားစရာနော် ။ ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းထားလို့ သူ ကျော်တက်လို့ မရတာကို Power လို့ခံစားရတာနဲ့ ကိုယ်က လမ်းပေးလိုက်လို့ သူ ကျော်တက်သွားလို့ ရသွားတာကို Power လို့ခံစားရတာ နှစ်မျိုးမှာ ၊ ကိုယ်က ခွင့်ပြုပေးလိုက်လို့ သူ ရသွားတာကို Power လို့ခံစားရတာက အကျိုးပြုတဲ့ Power ဖြစ်တယ်။ နှစ်ဦး နှစ်ဖက် စိတ်ချမ်းသာမှု ရတဲ့ Power ဖြစ်တယ်။ ကိုယ်က ခွင့်ပြုနိုင်ပါလျက်နဲ့ ခွင့်မပြုလို့ သူ မရတာကို Power လို့ခံစားရတာက အကျိုးမပြုတဲ့ Power ဖြစ်တယ် ။ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘူး ။ စိတ်မချမ်းသာဘူး ။ အဆင်မပြေဘူး ။
လူတွေရဲ့ စိတ်မှာ ကိုယ့်ကိုကိုယ်အင်အားကြီးတဲ့ သူ ဆိုတဲ့ ခံစားမှုမျိုး ကို လိုချင်ကြတယ် ။ အဲဒါကို မှန်ကန်တဲ့ နည်းနဲ့ ရအောင် လုပ်သင့်တယ် ။ ပေးတဲ့ သူက အင်အားကြီးတဲ့ သူဆိုတာကို နားလည်သင့်တယ် ။
ပေးနိုင်တဲ့ စိတ်ဟာ လွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မပေးနိုင် တဲ့ စိတ်ဟာ မလွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မအေးချမ်းတဲ့ စိတ်ဖြစ်တယ် ။ တွန့်တို တဲ့ စိတ်ဖြစ်တယ် ။
အင်အားကြီးတဲ့ သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ် ။ အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့ သူ ဖြစ်တယ် ။ အင်အားကြီး တဲ့ သူဟာ ဒီလို အသေးအမွှား( လမ်းပိတ်မောင်း တဲ့ ) နည်းမျိုးနဲ့ အနိုင်မယူသင့်ဘူး ။ အင်အားကြီး တဲ့သူဟာ အနိုင်အရှုံးကို မ စဉ်းစားဘူး ။ သင့်တော်သလား ၊ မသင့်တော်ဘူးလား ဆိုတာ ပဲစဉ်းစားတယ် ။ အင်အားကြီး တဲ့ သူဟာ အသိဉာဏ် နဲ့ ယှဉ်ပြီး စဉ်းစားတယ် ။ ဆုံးဖြတ်တယ် ။ ပုဂ္ဂိုလ် စွဲမပါ ၊ ဘက်လိုက်တာမပါဘဲ လက်ရှိ အခြေအနေ မှာ အသင့်တော်ဆုံး ၊ အကောင်းဆုံး ၊ အကျိုးအရှိဆုံး ကို ရွေးပြီး လုပ်တယ် ။ အသိဉာဏ် က ရွေးချယ်တယ် ။ ဆုံးဖြတ်တယ် ။ အတ္တစွဲ က ရွေးချယ်တာ ဆုံးဖြတ်တာမဟုတ်ဘူး ။
ပုဂ္ဂိုလ် စွဲ၊ အတ္တစွဲ ရဲ့ လွှမ်းမိုး မှုကြောင့် တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်နဲ့ ၊ ဘက်လိုက်တဲ့ စိတ်နဲ့ ၊ မသင့်တော်မှန်းသိရက် နဲ့ မသင့်တော်တာကို လုပ်နေတဲ့ သူဟာ စစ် မှန်တဲ့ စိတ်ချမ်းသာမှုကို မရနိုင်ဘူး ။ နောက်ဆုံးလိုရင်းကို ပြောရရင်ကိုယ့်ကိုကိုယ် တစ်နေ့တခြား ပိုပြီးလေးစားလာအောင် နည်းမျိုးစုံ နဲ့ လုပ်သင့်တယ် ။ ကိုယ့် ရဲ့ စိတ်နေသဘောထား ၊ နေပုံ ၊ ထိုင်ပုံ ၊ ပြောပုံ၊ ဆိုပုံ ၊ စည်းကမ်း ၊ သပ်ရပ်မှု ၊ သန့်ရှင်းမှု ၊ ကိုယ် နဲ့ပတ်သက်သာ မှန်သမျှ အားလုံးကို ပိုပြီး ကောင်းအောင် လုပ်သင့်တယ် ။
ကိုယ့်ကိုကိုယ်ပိုပြီး ကောင်းအောင် လုပ်တဲ့ နည်းနဲ့ ကိုယ့်ကိုကိုယ် လေးစားတဲ့သူ ၊ ကိုယ့်အကျိုးကို ရော ၊ အများအကျိုး ကို ပါ ဆောင်ရွက်နိုင်တဲ့သူ ။ လောကကြီး ကို အလှဆင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေ ။

ဆက်လက်ဖတ်ရှုရန်...

အရင့်ကျက်ဆုံးလူ


အရင့်ကျက်ဆုံးလူဟာ အခြိုးခြံဆုံးလူ

(လေးစားပါတယ် စာအုပ်မှ )


အဖိုးတန်ပစ္စည်းတွေ သုံးနိုင်မှ ၊ အဖိုးတန် အဝတ်အထည်တွေ ဝတ်နိုင်မှ လူ့အဖိုးတန် မဟုတ်ဘူး ။ ကိုယ့်တန်ဖိုးကို ကိုယ်သုံးတဲ့ ပစ္စည်း နဲ့ တန်ဖိုးမဖြတ်သင့်ဘူး ။
တကယ် အသိဉာဏ်လေးနက်တဲ့ သူဟာ သူများထက် အဆပေါင်းများစွာ သာအောင် ကြွားကြွားဝါဝါ မဝတ်ဘူး ၊မနေဘူး ။ စိတ်ထား ရင့်ကျက်လေလေ ၊ အနေအထိုင် အစားအသောက် ရိုးလေလေ ဖြစ်တာ တွေ့ရတယ် ။ အရင့်ကျက်ဆုံး လူဟာ အခြိုးခြံဆုံးလူ ဖြစ်တာ တွေ့ရတယ်။
ဒါကြောင့် ကိုယ့်မှာ ရှိပင် ရှိသော်လည်းခြိုးခြံ ရမယ် ။ မရှိလို့ ခြိုးခြံတာ မဟုတ်ဘူး ။ ဖြုန်းနေတဲ့ လူ ၊ ကြွားနေတဲ့ လူကို မြင်ရတဲ့ အခါ သူ့စိတ်ကို မြင်နေရင် ဘယ်လို သဘောထားမလဲ ။တကယ်လေးစားနိုင်မလား ။ မရင့်ကျက်တဲ့ သူကတော့ အားကျမယ် ၊အထင်ကြီးမယ် ။ ဉာဏ်ရှိတဲ့ သူကတော့ အထင်မကြီးဘူး ။
ဖြုန်းနိုင်တဲ့ သူတွေ ဖြုန်းနေကြတာ ကို အတုယူမှားပြီး တော့ လိုက်တုရင် လူ့ အသိုင်းအဝိုင်း ပျက်စီးမယ် ။ ဒါကြောင့် ကိုယ့် အသိုင်းအဝိုင်းကို ကောင်းစေချင် ရင် စည်းကမ်းရှိရှိ နေပြရမယ် ။ ခြိုးခြိုးခြံခြံ နေပြရမယ် ။ ကိုယ်က good example ဖြစ်အောင် နေတာကိုက လောကအကျိုးကို ဆောင်တာဖြစ်တယ်။ ကိုယ့်မှာ ပေါများနေရင် အများအတွက် အကျိုးရှိမည့် နေရာမှာ သုံးတာကောင်းတယ် ။
လူအများလေးစားတာကို ခံရတဲ့သူတွေကို ကြည့်ရင်သူတို့ဟာ အတတ်နိုင်ဆုံး အများအကျိုး ကိုဆောင်ရွက် ကြတယ်။ အဲသလို စေတနာ မှန်မှန်နဲ့ အများအကျိုးကို ဆောင်ရွက်တဲ့ လူတွေများလာရင် ဒီအသိုင်းအဝိုင်းဟာ ပိုပြီးတော့ ကောင်းလာမယ် ။ ပျော်စရာ ပိုကောင်းလာမယ် ။ အေးချမ်းမယ် ။ ဆင်းရဲချမ်းသာ မရွေး စိတ်ချမ်းသာမှု ရလာမယ် ။
သိပ် တကိုယ်ကောင်း ဆန်တဲ့ လူဟာ ကိုယ့်ကိုကိုယ် လေးစားမှု ( self-respect )မရှိဘူး ။ ပတ်ဝန်းကျင် ကလည်းသူ့ကို တကယ် လေးစားမှာ မဟုတ်ဘူး ။
တကိုယ်ကောင်း ဆန်တဲ့ လူဟာ တကယ်စိတ်ချမ်းသာ တဲ့ သူ ဖြစ်နိုင်မလား ။
တကိုယ်ကောင်း ဆန်တဲ့သူဟာ ဣဿာ မစ္ဆရိယ အားကြီး တယ် ။ ကိုယ့်မှာ ရှိတာကို မျှပြီး ခွဲဝေပြီး မသုံးနိုင်ဘူး ။ သူများရဲ့ ကြီးပွါးမှု ၊ တိုးတက်မှု ကို လှိုက်လှိုက်လှဲလှဲ ဝမ်းမသာနိုင်ဘူး ။ မ လွှဲသာလို့ ပေးရ ရင် စိတ်ချမ်းချမ်းသာသာ နဲ့ မပေးနိုင်ဘူး ။ ပေးလိုက်ပြီးမှ နှမြောနေ တတ်တယ် ။ ဒါကြောင့် လူအများနဲ့ ဆက်ဆံရာမှာ ကိုယ့်ဘက်က ပေးရမှာကို စိုးရိမ်နေတတ်တယ် ။ ငွေကြေး ပေးရမှာ ၊ ပစ္စည်းပေးရမှာ ၊ အချိန်ပေးရမှာ ၊ ပြုစုပေးရမှာ ၊ လုပ်ပေးရမှာ တွန့်ဆုတ်နေတတ်တယ် ။ဒါကြောင့် သူ့မှာ မိတ်ဆွေကောင်းရှားတယ် ။ သူ တစ်ခုခု ပေးပြီးရင် ဘာပြန်ရမလဲ လို့ တွေးနေတတ် တယ်။ပြန်မရရင် စိတ်ဆိုးတတ်တယ်။ သူ့ စိတ်ဟာ မလွတ်လပ်ဘူး ။ ပြန်မရရင်စိတ်ဆိုး တတ်တယ် ။ သူ့စိတ်ဟာ မလွတ်လပ်ဘူး ။ အပေးအယူ အရှုံးအမြတ်ကို ပဲ တွေးနေတတ်တယ် ။ ဆက်ဆံရေးတွေဟာ မျှော်လင့်ချက် နဲ့ဆက်ဆံတာများတယ် ။ ဒါကြောင့် စိတ်ချမ်းသာမှု တကယ်မရဘူး ။
ဒါကြောင့် စိတ်ချမ်းသာတဲ့ သူ ၊ လွတ်လပ်တဲ့ သူ ဖြစ်ချင်ရင် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကို မြင်နိုင်ဖို့နဲ့ ထိန်းနိုင်ဖို့လိုတယ် ။ အထူးသဖြင့် သူများ ဒုက္ခ ရောက်မှ ကိုယ့်မှာ အကျိုးရှိမယ့် အလုပ်မျိုးကို မလုပ်မိဖို့ သတိထားရမယ် ။

ဆက်လက်ဖတ်ရှုရန်...

လောကကို အကျိုးပြုတဲ့ သူ


လောကကို အကျိုးပြုတဲ့ သူ
(လေးစားပါတယ် စာအုပ်မှ )


ကိုယ့်ကိုကိုယ် လေးစားအောင် နေရမယ် ။ ပတ်ဝန်းကျင် ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ် ။ ဘယ်သူ ဘယ်လို ထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့နေချင်သလို နေလို့မရဘူး ။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့် အတွက်ကော ၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ် ။
ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ၊ သူတစ်ပါးကို လည်း လေးစားတဲ့ သူ ၊ သူတစ်ပါးရဲ့ လေးစားမှုကို လည်း ထိုက်ထိုက် တန်တန် ခံ ရတဲ့ သူဟာ လောက ကို အကျိုးပြုတဲ့ သူဖြစ်တယ် ။ ကိုယ့်ကိုကိုယ် လည်း လေးစားမှုရှိအောင် ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစား ပြီးနေ ရင် ဒီလောကကြီး ဟာ ပျော်စရာကောင်းတဲ့ လောကကြီး ဖြစ်မယ် ။
နားလည် စေချင်တာက ဘဝမှာ ဒီလို အခြေခံကျတဲ့ အချက် ကလေးတွေ က အရေးကြီးဆုံး ဆိုတာပဲ ။ အိမ်ရဲ့ အုတ်မြစ်လိုပဲ ။ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး ။ ဘယ်လောက်ပဲ ပညာတတ် နေ တတ်နေ ၊ စိတ်ထားမကောင်းဘူး ၊ အကျင့်စာရိတ္တ မကောင်းဘူး ၊ ခန္ဓာ ကိုယ် မသန့်ရှင်းဘူး ၊ နေထိုင်တဲ့ ပတ်ဝန်းကျင် လည်း မသန့်ရှင်းဘူး ဆိုရင် လူ့အဖိုးတန် လို့ပြောလို့ မရဘူး ။
တချို့ ပညာသိပ် မတတ်ပါဘူး ။ ဘာဘွဲ့မှ မရှိဘူး ။ ဒါပေမဲ့ စိတ်ထား ကောင်းတယ် ၊ အကျင့်စာရိတ္တ ကောင်းတယ် ၊ နေတာ ၊ထိုင်တာ သပ်ရပ်တယ် ၊ သန့်ရှင်းတယ် ။ အဲဒီလို လူကို လေးစားပါတယ် ။လုံ့ လဝီရိယ ရှိဖို့ သိပ်အရေးကြီးတယ် ။ ကိုယ်တကယ် တတ်နိုင်တာကို လုပ်ရဉ်း ပိုကောင်းအောင် လုပ်သွားရမယ် ။
ကိုယ့်ကိုကိုယ် " ငါလူပျင်း " လို့တွေးမိရင် ဘယ်လိုခံစားရမလဲ ။
ကိုယ့်ကိုကိုယ် လေးစားလို့ရမှာမဟုတ်တော့ဘူး ။
မရတော့ဘူးနော် ၊ ပတ်ဝန်းကျင်ကရော " ဒီလူဟာ လူပျင်းပါကွာ" လို့ ပြောလိုက်တဲ့ အခါ ၊ အဲဒီလို အတွေးမျိုး တွေးတယ် ဆိုရင်ဘဲ လေးစားမှုမ ရှိတော့လို့တွေးတာပဲ ။ ပျင်းတာဟာ လောကကြီးကို ဖျက်ဆီးတဲ့ အရာတစ်ခုဖြစ်တယ် ။
ကိုယ့်မှာ ခန္ဓာ ကိုယ်အင်အားတွေ ရှိတယ် ။ စိတ်ဓာတ်အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေရှိတယ် ။ အဲဒီ အင်အားတွေ ကို ကောင်းတဲ့ နေရာမှာ အပြည့်ဝ သုံးနေရမယ် ။ သုံးနေရင် ထွက်နေမယ် ။ မသုံးဘဲ ထားရင် ကြာရင် မထွက်တော့ဘူး ။ လုပ်နိုင်သလောက် အစွမ်းကုန် လုပ်မှ တကယ် ကျေနပ်မှုရမယ် ။ လုပ်နိုင်သလောက် မလုပ်ဘဲ လျှော့လုပ်ရင် ကြာရင် တဖြည်းဖြည်း နဲ့ လုပ်နိုင်တဲ့ စွမ်းရည် တွေ လျော့သွားမယ် ။
ကောင်းတယ် ၊ လုပ်သင့်တယ် ၊ အကျိုးရှိတယ် လို့ သိထားရင် လုပ်နေမှ ဖြစ်မယ် ။ ကောင်းတယ် ၊ အကျိုးရှိတယ် ၊ လုပ်သင့်တယ် လို့ သိလျက်နဲ့ မလုပ်ရင် ကိုယ့်ကိုကိုယ် လေးစားမှုနည်းသွားမယ် ။ ပတ်ဝန်းကျင် ကလည်း မလေးစားဘူး ။
လုပ်သင့်တာကို သိကြပါတယ်။ သိသလောက်ကို ဖြစ်အောင်လုပ်မယ် ဆိုရင်ပဲ တော်တော်တိုးတက်မှာပါ ။ သိသလောက်ကို တောင် တကယ်မလုပ်ကြဘူး ၊ သက်သာအောင်နေကြတယ် ၊ အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာ ဘူး ။ အပျော်အပါးကို ဦးစားပေးပြီး တော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့ သူဟာ ရေရှည် မှာ မပျော်နိုင်တော့ဘူး ။ ပူပင်သောက များမယ် ။
သိတော့သိတယ် ၊ ဘာဖြစ်လို့ မလုပ်တာလဲ ။ အဲဒါ စဉ်းစားဖို့ ကောင်းတယ် ။ အရေးမကြီးဘူးထင်လို့လား ။ ကိုယ့်ကိုကိုယ် လေးစားမှု ရှိအောင် နေဖို့ ဆိုတာ အရေးအကြီးဆုံးအလုပ်ဖြစ်တယ် ။

ဆက်လက်ဖတ်ရှုရန်...

မိုးကုတ်ဝိပဿနာ တရားတော်


မိုးကုတ်ဝိပဿနာ တရားတော် ၏ ပမာဏ အရသာ


တရားအားထုတ်တယ် ၊ တရားအားထုတ်တယ် ဆိုကြပေမယ့် ခန္ဓာဉာဏ် ရောက်မှုမရှိဘဲ တရားအားထုတ်နေရုံမျှ နှင့်လိုရင်းမပါ ဘူး ဟု ဆိုရပေမည်။ ဒါကြောင့် ခန္ဓာ ဉာဏ်ရောက်မှုသည် အဓိက ဖြစ်သည် ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ကြီးကဲ့ သို့သော သစ္စာ နှင့် ပဋိစ္စသမုပ္ပါဒ် ဖြတ်လမ်း ကို ဟောကြားသော ဆရာ ကောင်း၊ လမ်းညွှန်ကောင်း၏ ဥပနိဿယကိုကြားနာမှုရ မှသာလျှင် ခန္ဓာ ဉာဏ်ရောက်ဖို့ လွယ်ကူပေလိမ့် မည်။ အလုပ်တရားစရင် ခန္ဓာ ကိုယ်ကြီးဟာ တရားဘဲ ။ ခန္ဓာ ကြီးဟာ အရင်းခံပဲ ၊ သစ်ပင်ကြီး ၏ ဥပမာ ကဲ့သို့ပင် ဖြစ်တယ် ။ အပွေးလဲ ၎င်းမှာပင်ရှာ၍ ရနိုင်သည်။ အခေါက် ၊ အကာ ၊ အသား ၊ အနှစ်၊ အသီး ၊ အပွင့် ၊ဝတ်မှုံ၊ ဝတ်ဆန် ၊ အရွက်၊ အခက် ၊ အလက် စသည် ဖြင့် အစုံအလင် ၎င်းမှာရှာ၍ ရနိုင်သလို ခန္ဓာ ကြီးဟာလဲ ပင်မကြီးပင်ဖြစ် တယ် ။ ရုပ် ဆိုတာလဲ သူပဲ ၊ ဝေဒနာ ဆိုတာလဲ သူပဲ ၊ သညာ ဆိုတာလဲ သူပဲ ၊ သင်္ခါရ ဆိုတဲ့ စေတနာ ကံ တွေလဲ သူ ပဲ ၊ ဝိဉာဏ် ဆိုတဲ့ စိတ်ဆိုတာလဲ သူပဲ ၊ ဒွါရခြောက်ပါး ဆိုတာ လဲ သူပဲ ၊ သုခ ဆိုတာလဲ သူ ပဲ ၊ ဒုက္ခ ဆိုတာလဲ သူပဲ ၊ ဒွါရ ခြောက်ပါးမှာ ပေါ်လာ သမျှ သူ့မှီ၍ ပေါ်တာချည့်ပဲ ၊ အနိစ္စ - ဒုက္ခ - အနတ္တ တရားတွေ လဲ သူ့ အပေါ်မှာ ပေါ်တာပဲ ၊ ၎င်း မှ ဖြာ၍ ထွက်တဲ့ တရားတွေ ချည့်ပါဘဲ ၊ ဒါကြောင့် မြတ်စွာဘုရား သည်လည်း အလုပ်တရားဟောရင် ခန္ဓာ ကြည့်ဟော တော်မူတာပဲ ၊ ဒါကြောင့် တရားရှာ ခန္ဓာ မှာ တွေ့ တယ် ဟု ဟောတော်မူခြင်းဖြစ်တယ် ။ ခန္ဓာ ရှိလျက်သားနဲ့ တရားမရှာ တတ်လို့ ၊ တရားရှိလျက်သားနဲ့ တရားမရှာ တတ် လို့ သုတဝါ အရိယ သာဝကော ထံမှ တရားနာမှု သည်ပညာ မျက်လုံး မရ သေးလို့ ပညာ မျက်လုံးလာယူတယ် ဟုမှတ်ပါ ၊ ပညာ မျက်လုံး နဲ့ ခန္ဓာ ကို ကြည့် ရမှာ ၊ ခန္ဓာကြည့် တော့ ခန္ဓာ ၏ ပင်ကိုယ် သဘောကို ခန္ဓာ ကပြောလိမ့် မည်။ သူပြော လူပြော မယူနဲ့ ၊ ခန္ဓာ ကပြောတာ အမှန်ယူ ၊ ခန္ဓာ က ပြောတာ အမှန်သိမှ ယထာဘူတ ဉာဏ်ကို ရနိုင်သည် ။ ခန္ဓာ အမှန်သိအောင်လဲ ပဋိစ္စသမုပ္ပါဒ် သိမှ ခန္ဓာ ၏ ဖြစ်စဉ် ကို သိမည် ။ ခန္ဓာ ဘယ်က စသလဲ ၊ ဘယ်နေရာက နေပြီး ဆက် သလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ၊ ဒီလိုမှ မ သိရင်ရမ်း ရှု မှန်းရှု ဖြစ်လိမ့်မည် ၊ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် လို့မှတ်ပါ ၊ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် အစဉ်အတိုင်း ဖြစ်နေတဲ့ ခန္ဓာ လို့မှတ်ပါ ၊ ပဋိစ္စသမုပ္ပါဒ် ဆက်နေတာသည် ခန္ဓာ ကိုယ်ကြီး ၊ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် နိဗ္ဗာန် ခေါ်သည် ။
မိုးကုတ်ဝိပဿနာ ဓမ္မ ရိပ်သာ မှာ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ တရားချည့် နေ့စဉ်နှင့် အမျှ ကျေးဇူးတော် ရှင်ဆရာ တော်ကြီး ၏ အသံသွင်း တရားတွေ ဖွင့်လှစ် ဟောကြားနေသည် ၊ထို ပဋိစ္စသမုပ္ပါဒ်ပြတ်လို သူတိုင်း လာရောက်၍ နာကြားနိုင်ပါသည် ။
အလုပ်တရား ဆိုတာ ခန္ဓာက ပြောတာအမှန်ယူရမယ် ၊ အနိစ္စ လက္ခဏာ မြင်ရင် ပွါးများ နေတာပဲ ၊ သားသမီး များကိုမျက်ခြေမပြတ် စောင့်ပြီးကြည့်သလို ခန္ဓာ က ဖောက်ပြန် ပျက်စီးနေတာကို စောင့်ပြီး ကြည့်ရမှာ ၊ ခန္ဓာ နဲ့ ဉာဏ် တည့် ဘို့ အရေးဟာ အကြီးဆုံးအရေးပဲ ။
ဝိပဿနာ အလုပ် လုပ် တယ် ဆိုတာ တမင်ရှာပြီး လုပ်နေတာမဟုတ်ပါဘူး ၊ ကိုယ့်ခန္ဓာ ကိုယ် ကြည့်ရုံပါဘဲ ၊ ကြည့် တော့ဖောက်ပြန် ပျက်စီး နေတာ အမျိုးမျိုး ခန္ဓာ မှာ တွေ့ရမှာ ပဲ ၊ ခန္ဓာ အရှိ ကို ဉာဏ် အသိနဲ့ ကိုက်ရင် ယထာဘူတဉာဏ် ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ် နိဗ္ဗာန် ဆိပ်ဦး ရောက်ပြီလို့ ဆိုနိုင်တယ် ၊ တစ် အရှိနဲ့ နှစ် အသိ နဲ့ ကိုက်ရင် မဂ်ပဲ ၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ၊ အလုပ်ကြည့် ချင်ရင် ခန္ဓာ ကို ကြည့် ၊ တရားထိုင်ရတာ မကောင်းဘူး ဆိုရင် တရားကြားခိုနေတယ်လို့ မှတ် ၊ ခန္ဓာ ဆိုတာ ဓမ္မပဲ ၊ ထို ခန္ဓာ ဓမ္မ ကပြတာကို ကိုယ့်ဉာဏ်က မြင်လို့ ၊ ခန္ဓာ က အနိစ္စ ကိုပြလို့ အနိစ္စ ဉာဏ် ၊ ဒုက္ခ ကိုပြလို့ ဒုက္ခ ဉာဏ် ၊ အနတ္တ ကိုပြလို့ အနတ္တ ဉာဏ် ဖြစ်သွားတယ် ။ ဓမ္မ နဲ့ တည့်တဲ့ ဉာဏ်သာလျှင် ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ ဉာဏ် ၊ ကိုယ့်ဟာကိုယ် လုပ်ယူ လို့ရတဲ့ ဉာဏ် မဟုတ်ဘူး ၊ ကိုယ့်ဟာ ကိုယ် လုပ်ယူတဲ့ ဉာဏ် ဆိုရင် ပဋိစ္စသမုပ္ပါဒ် ကပြတ် ကို မပြတ်ဘူး ။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ( ဝါ ) ဖြစ်ပျက် ဆိုတာ ကိုယ့်ပါးစပ် ကဖြစ်တာ မဟုတ် ၊ ဓမ္မ ကပြတာ ဓမ္မ ကပြောတာ ၊ ကိုယ် ကလုပ်ယူတဲ့ ၊ အနိစ္စ မဟုတ် ဖြစ်ပျက်မဟုတ် ၊ ဓမ္မ ကပြတဲ့ အနိစ္စ ( ဝါ ) ဖြစ်ပျက် ၊ အဲဒါ မှ ဖြစ်ပျက် ဉာဏ် ။
အရေးကြီးတာ ကခန္ဓာ ထဲ ဉာဏ်သွင်း ဖို့ ဆိုတာ မှတ်ကြစမ်းပါ ၊ ခန္ဓာ ထဲ ဉာဏ်သွင်းတာ အလုပ် ခွင်ဝင် တာပဲ၊ ဉာဏ် သွင်းတယ် ဆိုတာ ကမ္မဿကတဉာဏ် လောက်သွင်းလို့ မရဘူး ၊ ဒါလောက်နဲ့ ဆိုရင် အရိုး ကြီးပွါးရေးပဲ ၊ ဘာဉာဏ် နဲ့ သွင်းရမလဲ ဆို ရင် သစ္စာနုလောမိက ဉာဏ်သွင်းရမယ် ၊ သစ္စာနုလောမိက ဉာဏ် ဆိုတာ သစ္စာ နဲ့ လျော်တဲ့ ဉာဏ်ပါပဲ ၊ သစ္စာ တခြား အနိစ္စ တခြားလို့ မမှတ်ပါနှင့် ( ဝါ ) သစ္စာ တခြား ဖြစ်ပျက်တခြား မမှတ်ပါနှင့်၊ ဖြစ်ပြီး ဖောက်ပြန်ပျက်စီးနေတာ သည် ဒုက္ခသစ္စာ ချည့်သာမှတ်ပါ ၊ အချို့ က ဒုက္ခသစ္စာ သိမှ တရားအားထုတ် ရမယ် ဆိုတော့ ဒုက္ခသစ္စာ ဆိုတာ လွယ်လွယ်နဲ့ ဘယ်သိနိုင်ပါ့မလဲ ဆိုပြီး ဆင်ခြေပေးနေကြသူတွေ များစွာ ရှိသည် ။ သို့ အတွက် ဖြစ်ပျက် ရှုနေတာသည် ဒုက္ခသစ္စာ ကိုသိ - သိ နေခြင်းဖြစ်သည် ဟု ဆုံးဖြတ်ချက် ချနိုင်ပါသည် ။
ဖြစ်ပြီးပျက် နေတဲ့ သဘော သည် ၊ ဖောက်ပြန်ပျက်စီးနေ တဲ့သဘော သည် ၊ သုခလား ဒုက္ခလား ဟူ၍သာ မိမိ ကိုယ်ပိုင်ဉာဏ် နှင့် ချင့်ချိန် စဉ်းစားဝေဖန် ၍ ကြည့်ပါ ။
အချို့ က ဒီမိုးကုတ်ရိပ်သာ မှာလာပြီး တရားနာနေရတာ တစ်ခါလာလဲ ဖြစ်ပျက် ၊ တစ်ခါလာလဲ ဖြစ်ပျက် ချည့် ဟောနေတာပဲ ဟုပြောချင်ပြော ကြပါလိမ့်မယ် ၊ မိမိ တို့ သန္တာန် မှာဖြစ်ပြီး ပျက်တဲ့ ဓမ္မ ကလွဲပြီး မဖြစ်မပျက် တဲ့ သဘောတရား များရှိပါရဲ့လား ဟု ဆင်ခြင်၍ ကြည့်ကြစေလိုပါသည် ။ ဖြစ်ပျက် ရှိလျက် မမြင်ကြ၍ ဆရာတော်ကြီး ဤမျှဟောကြားတော် မူနေရပါ သည်….. ယောဂီအပေါင်းတို့ ….. ။

ဆက်လက်ဖတ်ရှုရန်...