ကြည်ညိုရိုသေစွာ ဖြင့်လျှောက်ထားအပ်ပါတယ် ဘုရား ။
တပည့်တော်သည် ဝိပဿနာတရားတော်မြတ်ကို အားထားယုံကြည်သူဖြစ်ပါတယ် ။ လက်တွေ့လည်း ကျင့်ပွါးနေပါတယ် ။ ဒါပေမဲ့ တပည့်တော်ဟာ တရားနာတဲ့ အမှုမှာတော့ အားနည်းပါတယ် ။
တပည့်တော် နာဖူးသော တရားတို့မှာလည်း တပည့်တော်စိတ်မှာ နှစ်သက်ခြင်း မရှိလို့မနာဖြစ်ခဲ့ပါ ။ နောက်အကြောင်းတစ်ခုမှာလည်း နေ့စဉ်ပရိတ်တော်များ ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်း ၊စီးပွါးရေး လူမှုရေး လုပ်ရခြင်း ၊ အားလပ်ချိန် တီဗီကြည့်ခြင်း ၊ စာဖတ်ခြင်း ဖြင့် ငါ့မှာ တရားကို ထိုင်ပြီးနာဖို့ အချိန်မရှိပါဘူး လို့ သတ်မှတ်ပြီးတရားမနာဖြစ်ခဲ့ပါဘူး ဘုရား ။
ကိုယ့်ဘာသာလည်း တရားနာတာနဲ့ တရားစာပေ ဖတ်ရှူတာဟာ အတူတူပါပဲ စာအုပ်ကမှ နေရာမရွေး၊ အချိန်မရွေး ဖတ်လို့ရတယ် ။ ပြန်စဉ်းစားချင်ရင် သုံးသပ်ချင်ရင်လည်း ခဏပိတ်ထားလို့ ရတယ် ။ ကက်ဆက်ကမှ မီးလာမှ ပြန်ရစ်ရမှ နဲ့ ဝန်ကျယ်တယ်လို့ ဆုံးဖြတ်ပြီးတရားမနာ ဖြစ်ခဲ့ပါဘူး ။
အရှင်ဘုရား ရဲ့ တရားတော်များနဲ့ ထိတွေ့တာကတော့ မိတ်ဆွေက ငှါးလို့ " အရှုတ်ထဲမှာ ရှင်းအောင်နေ " အခွေကို စနာဖူးပါတယ်။ သာမန်ကာ ရှန်ကာပဲ နာဖြစ်လိုက်ပါတယ်။ စိတ်ထဲမှာစွဲမသွားဘူး ။ ထိမသွားဘူး ။ မကြာခင်မှာ အရှင်ဘုရား ရဲ့ " အရှုတ်ထဲမှာ ရှင်းအောင်နေ " ဆိုတဲ့ စာအုပ် ထွက်လာပါတယ်။ လူပြောလည်းများတာ နဲ့ ကိုယ်ပိုင်ဝယ်ပြီး ဖတ်ပါတယ် ။ ဖတ်တယ် စဉ်းစားတယ် ။ underline တားထားတယ် ။ နည်းနည်းသဘောကျလာပါတယ်။ ဘဝ ဆိုတဲ့ ကျောင်း စာအုပ်ထွက်တော့ ပိုသဘောကျသွားပါတယ် ။ နောက်ဆို အရှင်ဘုရား ရဲ့ စာအုပ်ထွက်တိုင်း ဝယ်သိမ်းထားပါတယ် ။ သူများကို လက်ဆောင်ပေးပါတယ်။ တပည့်တော် ဟာ အရှင်ဘုရားရဲ့ တပည့်ရင်းတစ်ဦး ဖြစ်သွားပါပြီ ။ အရှင်ဘုရား ကို မဖူးဘူးပေမဲ့ ကိုယ့်ကို အမြဲဆုံးမတဲ့ ဆရာ ရင်းလို့ ပဲ နှလုံးသွင်းပါတယ်။ မေတ္တာလည်း ပို့ပါတယ် ဘုရား ။ သတိ နဲ့ နေတဲ့ အကျင့်ကိုလည်း လေ့ကျင့်မွေးမြူပါတယ်။
အရှင်ဘုရား စာအုပ်တွေထဲက တချို့စာပိုဒ်တွေဟာ စိတ်ထဲမှာ စွဲထင်ပြီး အလွတ်ရနေပါတယ်။ ရံဖန်ရံခါ စိတ်အနှောက်အရှက် ဖြစ်ရတဲ့ အခါများမှာ ဆေးတစ်ခွက် ဖြစ်ရပါတယ်။ ဥပမာ - ဘယ်သူမှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ ကိုယ့်စိတ်ထဲမှာကြမ်းတမ်းတဲ့ စိတ်တွေ မဖြစ်စေနဲ့ ဆိုတဲ့ စကားဟာ စိတ်ဘဝင်မကျစရာ ကိစ္စကြုံလို့ စိတ်လှုပ်ရှားနေတုန်းမှာ ဖြတ်ခနဲ သတိရလိုက်ရင် ဖြစ်နေတဲ့ ဖြစ်လာတဲ့ ဒေါသမုန်တိုင်းဟာ ရုတ်တရက် ငြိမ်ကျသွားတတ်ပါတယ်။ သူ ဘာပဲဖြစ်ဖြစ် ငါ့စိတ်ထဲမှာ အကုသိုလ် မဖြစ်အောင် ငါအေးချမ်းအောင်ပဲ နေပါမယ်လို့ ဆင်ခြင် နှလုံးသွင်း လိုက်မိတယ် ။ တစ်ခါတလေတော့လည်း အကုသိုလ်ဝေ ဖြစ်တော့မယ် ဖြစ်တော့မယ် နဲ့ ဖြစ်မှာကို သိလျက်သားနဲ့ ငါ့အကြောင်းတော့ ပြအုံးမှ နို့မို့ရင် ငါ့ကို အတုံး အအ ထင်နေမယ် ။ အစွမ်းအစမရှိ အောင်းမေ့ နေမယ် ဆိုပြီး တမင်စိတ်ကို လွှတ်ပေးတဲ့ အခါရှိပါတယ် ။ ဒါပေမယ့် နည်းပါတယ် ဘုရား ။
" ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ " စာအုပ်ထဲက ( တခြားစာအုပ်တွေမှာ လည် ပါဖူးပါတယ် ) ကိုယ့်ကို ဒုက္ခပေးတာ သူများမဟုတ်ဘူး ။ ကိုယ့်စိတ်ပဲ ဆိုတဲ့ အဆုံးအမ ကို အရမ်းနှစ်သက်သွားပါတယ် ။ အင်မတန် မှန်လိုက်တာလို့လည်း ဆင်ခြင်မိပါတယ်။ ဒီတရားပိုဒ်ကလေး က တပည့်တော်မှာ " လက်ကိုင်တစ်ခု " သို့မဟုတ် "ဖြေဆေးတစ်ခု " ရလိုက်သလို ပါပဲ ။ အဆင်မပြေ ကြုံတဲ့ အခါများမှာ ငါ့စိတ်က ငါ့ကို ဒုက္ခပေးနေတာ ငါ့စိတ်မထားတတ်လို့သာပဲ လို့ ဖြေယူနိုင်နေပါပြီ ။
ပြီးတော့ ခုတပည့်တော် တရားလည်း နာနေပါပြီ ဘုရား ။ ကက်ဆက်ကို ထမင်းစားခန်းထဲ ရွှေ့ထားလိုက်ပါတယ်။ မနက်စောစော ကော်ဖီသောက်ချိန် နေ့လည်စာ ညနေစာ စားတဲ့ အချိန်တွေမှာ အလျဉ်းသင့်သလို တရားနာပတယ်။ အစားတစ်ခါ စားရင် ဆယ်ငါးမိနစ် ၊ မိနစ်နှစ်ဆယ်လောက် ကြာတော့ စားရင်းနဲ့ပဲ တရားနာလိုက်ပါတယ်။ တရား နာချိန်ကို ရှာယူတတ် သွားပါပြီ ။ အရှင်ဘုရား ရဲ့ တရားခွေ တော်တော်များများကို လည်း နာပြီးပါပြီ။ စားပြီးတဲ့ အချိန် ကက်ဆက်ကိုပိတ်ပြီး သွားစရာ လုပ်စရာ ကို ဆက်လုပ်၊နောက်တစ်ခါစားချိန်မှာ တစ်ခါဖွင့်ပြီး ရောက်တဲ့နေရာ က ဆက်နာပါတယ် ။ အခုတော့ အရှင်ဘုရား ရဲ့ တရားတော်တွေကို ဖတ်လည်းဖတ် ၊ နာလည်းနာ နိုင်ပါပြီ ဘုရား ။
တပည့်တော်ဟာ ဒေါသကြီးပါတယ်ဘုရား ။ ဒါပေမဲ့ အခု သတိနဲ့ နေလာတဲ့ အခါ အလေ့အကျင့်ကြောင့် အလေ့အထဖြစ်လာပြီး ဒေါသဟာ ဖြစ်ကြောမရှည်တော့ပါဘူး။ ဒေါသ ဖြစ်လာရင် ဖြစ်လာမှန်း သိပြီး ဆင်ခြင်လိုက်ပါတယ်။ ဒေါသ ဟာ ပေါက်ကွဲတဲ့ အဆင့်ထိ မရောက်တော့ပါဘူး ။
ပစ္စုပ္ပန် လက်ရှိဘဝမှာရော သံသရာ အတွက်ပါ စိတ်ချမ်းသာအောင် နေတတ်ဖို့ အရှင်ဘုရား ရဲ့ ဆုံးမ ညွှန်ပြမှုကို ခံယူရတဲ့ အတွက် အရှင်ဘုရား ကို ကျေးဇူးတင် ဦးခိုက် ကန်တော့ပါတယ် ဘုရား ။ အရှင်ဘုရား ကိုယ် စိတ်နှစ်ပါး ချမ်းသာပါစေ ဘုရား ။ ဒီစာ ကို ဝါကျွတ် ကန်တော့ပန်း အဖြစ်ရေးလိုက်ပါတယ် ဘုရား ။
တပည့်
* ( နံမည် နှင့် နေရပ်ကို ချန်ထားခဲ့ပါသည် )
ဒကာကြီး မေတ္တာပို့တာကို ဝမ်းမြောက်ဝမ်းသာ ခံယူပါတယ်။
No comments:
Post a Comment