ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်



ဓဇဂ္ဂ သုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသခင် အထံမှာ ကမ္မဋ္ဌန်းကျင့်နည်းများကို တောင်းခံ ၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် လူသူကင်းရှင်းဆိတ်ငြိမ်ခြင်း ရှိသည့် နေရာတို့ကို ရွေးချယ် ၍ဘာဝနာ ကမ္မဋ္ဌန်း စီးဖြန်း ကြသူများ မှာ တစ်ခါတစ်ရံ စိတ်အားငယ်တတ် ကြသည် ။
တစ်ယောက်တည်း ဖြစ်နေသဖြင့် တုန်လှုပ် ချောက်ချား တရားမရနိုင်ဘဲ ကမ္မဋ္ဌန်း အာရုံ ပျက်စီးသူများ ဘုရားရှင် လက်ထက်တော်က ပေါ်ပေါက်ခဲ့ ဖူးလေသည်။
ထိုပုဂ္ဂိုလ် များအားလုံး အတွက် ဓဇဂ္ဂ သုတ်တော် ကို ရှင်တော် ဘုရားဟောကြား တော်မူလေသည် ။
ဓဇဂ္ဂသုတ် တော် ၏ အဓိပ္ပါယ် မှာ သိကြားမင်း နှင့် အသူရာနတ် တို့ စစ်ခင်းကြသော အခါ အသူရာတို့ က အင်အားကြီးမား လာ သဖြင့် နတ်စစ်သည် များကြောက်ရွံ့နောက်ဆုတ်ခဲ့ကြသည် ။
ထို နောက်ဆုတ်ကြောက်ရွံ့ နေသော နတ် စစ်သည်များကို သိကြားမင်း ကြီး က " မိမိ ၏ အောင်လံတံခွန် ထိပ်ဖျားကို ကြည့်ကြလော့ " ဟု ကြွေးကြော်လိုက်လေသည် ။ မိမိ ၏ အလံတော် ကို မမြင်ရပါက နတ်စစ်သူကြီး ပဇာပတိ ၏အလံတော်ထိပ်ဖျားကို ကြည့် ကြလော့ ။ သို့ မဟုတ် ဝရုဏ နတ်စစ်သူကြီး ၏ အလံတော်ကို ကြည့်ကြကုန်လော့ ။ သို့မဟုတ် ဤသာန စစ်သူကြီး၏ အလံတော် ကို ကြည့်ကြကုန်လော့ " ဟုကြွေးကြော် လိုက်ရာ .....နတ်စစ်သည်များသည် သိကြားမင်း၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ၊ နတ်စစ်သူကြီး ၃ - ပါး၏ အလံတော်ထိပ်ဖျားကို လည်းကောင်း ကြည့်၍ တိုက်ခိုက်ရာ အသူရာ စစ်သားများ တပ်လန့်ရှုံးနိမ့်ပြီး သိကြားမင်း ၏ နတ်စစ်သည်များ အောင်ပွဲဆင်ခဲ့ ကြလေသည် ။
ယင်း အဖြစ်အပျက် ကို နမူနာယူ၍ ကမ္မဋ္ဌန်း တရားအားထုတ်လိုသူများ လည်း အားငယ်လာလျှင်၊ ကြက်သီးထလာပါလျှင် နတ်စစ်သည်များ သိကြားမင်း ၏ အလံ တော်ထိပ်ဖျား ကို ကြည့်၍ ရဲရင့် စိတ်သတ္တိ များပေါ်လာကာအောင် ရသကဲ့သို့ ....
ငါ ဘုရား၏ ဂုဏ် တော် ကိုးပါး တည်း ဟူသော ဘုရား အလံတော် ၊ဂုဏ် တော် ခြောက်ပါး တည်း ဟူသောတရား အလံတော် ၊ ဂုဏ် တော် ကိုးပါး တည်း ဟူသော သံဃာ့ အလံတော် များကို စိတ်တွင် ရည်ရွယ် မှန်းဆ ကြည်ညိုလိုက်ပါက ပေါက်မြောက်နိုင်လိမ့် မည် ဟု သိကြားမင်း ၏ အလံတော် နှင့် ဥပမာ တင်စားမြတ်စွာဘုရား ဟောတော်မူ သည့် အချိန်ကစ၍ ဓဇဂ္ဂ သုတ်တော် ဖြစ်ပေါ် ရွတ်ဆိုခဲ့ကြပါသတည်း ။

………………………………………………………………………

ဓဇဂ္ဂ သုတ်တော် ရွတ်ဖတ်ခြင်း ၏ အကျိုး
ဤသုတ်တော် ကို အမြဲ သရဇ္ဈာယ် ရွတ်ဖတ်နေသူ များမှာ ...ကြောက်ရွံ့အားငယ် စိတ်များ ကင်းကွာ သွားနိုင်ပါသည် ။ မကြာ ခဏ လန့်တတ်သူများ ၊ ကိုယ့်ကိုကိုယ် အထင်မကြီးသူများ အမြဲရွတ်ဖတ်ပေးပါက ရဲရင့်သော သတ္တိစိတ်များ ပွါးများလာနိုင်ပါသည်။ စာမေးပွဲ ဖြေမည့် သူများ လေးလေးစားစား ရွတ်ပါက အကျိုးထူးခံစားနိုင်ပါသည် ။

ဆက်လက်ဖတ်ရှုရန်...

ဝဋ္ဋသုတ်တော် ဝတ္ထု ဖြစ်စဉ်



ဝဋ္ဋသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာဘုရားသည် တပည့်သား သံဃာတော်တို့ နှင့် အတူ မာဂဓ တိုင်းအတွင်း ဒေသစာရီ လှည့်လည်တော်မူရာ တစ်ခုသော တောနက်အရောက်တွင် တောမီးကြီး လောင်သည် နှင့် ပက်ပင်းပါ တိုးမိကြလေသည် ။
သစ်ပင်ကြီးများ တဝုန်းဝုန်း လဲကျအောင် လောင်ကျွမ်းသော တောမီးကြီး ၏ အရှိန်ကို မြင်တွေ့ရသော ရဟန်းတော် များမှာ ....ဆောက်တည်ရာ မရ တုန်လှုပ် ချောက်ချားကြ၍ အချို့က ပြေးလွှား ရန် ကြံကြသည် ။အချို့ က မီးဖြတ် မီးတား လုပ်၍ လမ်း လွှဲရန်ကြံ ကြသည် ။ အားလုံးပင် ဣနြေ္ဒမရဖြစ်ကြသည် ။
ဤတွင် အမြော်အမြင် ရှိသော ရဟန်းတော် များမှာ .." ငါ တို့သည် မြတ်စွာ ဘုရားနှင့် အတူတကွ ကြွလာကြသဖြင့် ဣနြေ္ဒမရ မဖြစ်သင့် ၊ ဘုရားရှင်၏ အထံတော်မှာသာ ခစား ကြကုန်အံ့ " ဟု ဆိုကာ မြတ်စွာဘုရား ထံတော်ပါး ၌စုရုံး ကာ နေကြ လေသည် ။
အရှိန်အဟုန် ပြင်းစွာ လောင်ကြွမ်းနေသောတောမီးကြီးမှာလည်း မြတ်စွာဘုရား နှင့် ရဟန်းတော် များ အနီး၃၂ တောင်ပတ်လည် အကွာတွင် ဆက်ကာ မီးမလောင် တော့ ဘဲ ငြိမ်းအေးသွားလေတော့သည် ။
ဤဖြစ်ရပ်ကို မြင်ရသော ရဟန်းတော်များက မြတ်စွာဘုရား သခင်၏ ဘုန်းတန်ခိုးတော် ကို အံ့ဩချီးမွမ်းတော်မူကြလေလျှင် ဘုရားရှင်က " ဤမီးတောက် မီးလျှံများ ငြိမ်းအေးရခြင်း သည် ငါ ၏ဘုန်းတော် မဟုတ် ၊ ရှေးယခင်အခါ ငါ ဘုရား နုစဉ် ဘဝ က သစ္စာ ပြုကဲ့သော နေရာဒေသ ဖြစ်၍ မည် သည့် နည်း နှင့်မျှ မီးမလောင်နိုင်ချေ " ဟုမိန့်ဆို ကာ အတိတ်ဘဝ ကို ဟောတော်မူလေသည် ။
ငါဘုရား နုတော်မူစဉ်က ဤတောမှာပင် ငုံးငှက်ငယ်ဖြစ်ခဲ့လေသည် ။ အတောင်အလက် မစုံလင်မီ မိဘများက နှုတ်သီးဖြင့် အစာ ခွံ့ရသည့် ဘဝ တွင် ရခု မီးလောင်သော မီးကဲ့သို့တောမီးကြီး လောင်လေရာ တောတွင်းရှိ သက်ရှိ သတ္တဝါ မှန်သမျှ အသက်ရှင်ရေး ပြေးလွှားတိမ်းရှောင်၍ ဤတောကို စွန့်ခွါသွားကြလေသည် ။
အလောင်းတော် ငုံးငှက်ငယ်မှာ အသိုက်တွင်းမှ နေ၍ ဤသို့ သစ္စာ ပြု၏ ။
" ငါ့ ၌ အတောင်ရှိ၏ ၊ သို့သော် မပျံနိုင်သေး ။ ငါ့ ၌ခြေထောက်ရှိ၏ ၊ သို့သော်မသွားနိုင်၊ မလှမ်းနိုင်သေး ။ ငါ့၌ မိဘနှစ်ပါး ရှိ၏ ၊ သို့သော် ဤနေရာ၌မရှိ ၊ စွန့်ခွါ သွားကြကုန်၏ ။ ဤ မှန်ကန် သော သစ္စာ စကားကြောင့် ငါ့ အား မီးဘေးမှ ကင်း လွတ်စေ သတည်း "
ဟူ၍ သစ္စာ ပြုတော်မူ၏ ။ ထို အခါ အလောင်းတော် ငုံးမင်း စံရာ အသိုက်သစ်ပင် နှင့် ၃၂ - တောင်ကွာပတ်လည် အရောက်တွင်တော မီးသည် နေနှင့် တွေ့ သကဲ့သို့ ငြိမ်းအေးခြင်း သို့ ရောက်ခဲ့သည် ။
ယခု ချစ်သား တို့ နှင့် ငါဘုရား ရပ်တန့် နေသော ၃၂ - တောင်ပတ်လည် ရှိ ဤနေရာသည် ထို ငုံးမင်း ဖြစ်စဉ်က စံကာ သစ္စာ ပြုခဲ့ သည့်နေရာ ဖြစ်သောကြောင့် ဤ ဘဒ္ဒ ကမ္ဘာတည် အောင် သည်နေရာ တွင် လုံးဝ မီးမလောင်နိုင် - ဟုဟောဖော် ညွှန်းသည် ကစ၍ ဝဋ္ဋ သုတ်တော် ဖြစ်ပေါ်ရွတ်ဆိုခဲ့ကြပါသည် ။
…………………………………………………………

ဝဋ္ဋ သုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး

ဤ ဝဋ္ဋ သုတ်တော် ကို နေ့စဉ် ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား မီးကြောင့် ပျက်စီး ဆုံးရှုံးမှူမ ဖြစ်နိုင် ။ မိမိ အိမ် မီးကွင်းနိုင်၏ ။တစ်ရပ်ကွက်လုံး စုပေါင်း ရွတ်ဆိုပါက တစ်ရပ်ကွက်လုံး မီးဘေး အန္တရာယ် ကင်းဝေးစေ နိုင်၏ ။

ဆက်လက်ဖတ်ရှုရန်...

မောရသုတ်တော် ဝတ္ထု ဖြစ်စဉ်



မောရသုတ်တော် ဝတ္ထု ဖြစ်စဉ်

မြတ်စွာ ဘုရားစံတော်မူရာ သာဝတ္ထိပြည် မွန် ဇေတဝန်ကျောင်းတော်နေ ရဟန်းတစ်ပါးသည် ဖြီးလိမ်း ဆင်ယင်အလှပြင်၍လာသော မိန်းမပျိုတစ်ဦးကို မြင်၍ စွဲလမ်းတပ်မက် သော စိတ်ဖြင့် ရဟန်းတရားများကို အားမထုတ်နိုင် ဖြစ်နေလေရာ ...သီတင်းသုံးဖော် ရဟန်းတော်များက ထိုရဟန်းအားခေါ် ၍မြတ်စွာဘုရား ထံသို့ ပို့ပြီး အကြောင်းစုံ လျှောတ်ထားကြလေသည် ။
ဘုရားရှင် က ....ထိုရဟန်းတော် ကို
" ချစ်သား ၊ သင်သည် မာတုဂါမ ကိုစွဲလမ်းသော စိတ်များဖြင့် တရားတော်၌ မမွေ့လျော်ခြင်း မှန်ပါသလား " ဟု မေးလေရာ မှန်ပါကြောင်း ပြန်ပြောင်း ဝန်ခံလေသည် ။
ထိုအခါ ဘုရားရှင်က " မာတုဂါမ ကိုစွဲလမ်းသော စိတ်သည် နှစ်ပေါင်းခုနှစ်ရာ စင်ကြယ်စွာ နေလာခဲ့သော သူတော်ကောင်းကို ပင် ကိလေသာ စိတ်ဖြင့် တုန်လှုပ်ချောက်ချား စေတတ် ၏" ဟု အစချီ ကာ ကိုယ်တော်တိုင် နုစဉ် အခါက ကြုံခဲ့ရသော မောရသုတ်တော် ကို ဟောဖော် မိန့်ကြား တော် မူလေသည် ။
ဗာရာဏသီပြည့် ရှင် ဗြဟ္မဒတ် မင်းကြီး ၏ ကြင်ယာတော် ခေမာ မိဖုရားကြီး သည် " ရွှေ အဆင်းရှိသော ဥဒေါင်းမင်း ၏တရားကို နာယူရသည် " ဟု အိပ်မက်မြင် မက်လတ် သဖြင့် ခင်ပွန်း လင် ဖြစ်သူ ဗြဟ္မဒတ် မင်းကြီး အား ရွှေဥဒေါင်း မင်း ထံ တရားနာယူ လိုကြောင်းပူဆာလေသည် ။
မင်းကြီးသည် တိုင်းပြည် အတွင်းရှိ မုဆိုးများကို ဆင့်ခေါ် မေးမြန်း ရာ ဒဏ္ဍက မည်သော တောင်ထွတ်၌ ရွှေရောင်ပဝင်း လှပတင့်တယ်ခြင်း ရှိသော ဥဒေါင်းမင်း ရှိပါကြောင်း သံတော်ဦး တင်သဖြင့် " မနာမကျင် စေ ဘဲ အရှင်ရအောင် ဖမ်း ယူရမည် " ဟုအမိန့်တော် ချမှတ်လေသည် ။
ဒဏ္ဍက ရွှေတောင်ရှိ ဥဒေါင်း မင်း ကြီးသည်ကား .....နံနက်အိပ်တန်းမှ ဆင်းလျှင်ဆင်းချင်း နေမင်းကြီးအား အရိုအသေ ပေးလျက် " ဥဒေတယံ " အစချီသော ဂါထာ ကို ရွတ်ဆိုပြီး မှ အစာရှာလေ့ရှိသည် ။ ညနေပိုင်းမှာ ဝင်လု ဆဲဆဲနေမင်းကြီးအား အရိုအသေပေးလျက် " အပေတယံ " အစချီသော ဂါထာတော်ကို ရွတ်ဆိုပြီးမှအိပ်တန်း တက်လေ့ရှိလေသည် ။
ထို နိစ္စဗတ်ဝတ် မပျက်ခြင်းကြောင့် ....မုဆိုးများက နည်းအမျိုးမျိုးဖြင့် အရှင်ရအောင် ညွှတ်ကွင်း ထောင်၍ ဖမ်းပါသော် လည်း မမိနိုင်ဘဲ ဖြစ်၍နေလေသည် ။ခေမာ မိဘုရားကြီးမှာလည်းထို ရွှေဥဒေါင်းမင်း ထံမှ တရားနာလို စိတ်နှင့် ပင် ခုနှစ် နှစ်တိုင်တိုင် စောင့်ပါသော်လည်း ဆန္ဒ မပြည့်ဝဘဲ နတ်ရွာစံရရှာလေသည် ။
ဗြဟ္မဒတ် မင်းကြီး လည်း ဤရွှေဥဒေါင်း ကို အကြောင်းပြု၍ ခေမာ မိဘုရားကြီး နတ်ရွာစံရလေသည် ဟု စိတ်နာကာ " ဒဏ္ဍက ရွှေတောင်ရှိ ရွှေဥဒေါင်း မင်း အသား ကို စားရပါက မအိုနိုင် ၊ မနာနိုင် ၊ မသေနိုင် " ဟု ရွှေပေလွှာကမ္ပည်း ထိုး၍ ထားခဲ့ပြီး နတ်ရွာလားလေသည် ။
ထို့နောက် မင်း ၆ ဆက်တိုင်တိုင် ရွှေပေလွှာအရ ဖမ်းကြသော်လည်း မမိနိုင်ဘဲ နှစ်ပေါင်း ခုနှစ်ရာတိုင်ကြာလာခဲ့ လေတော့သည် ။
ခုနှစ်ဆက် မြောက်မင်းလက်ထက် ရွှေဥ ဒေါင်းမင်းကြီး အားဖမ်းရန် တာဝန်ကျသော မုဆိုးမှာ လိမ္မာ ပါးနပ်သူ ဖြစ် သဖြင့် ရွှေဥဒေါင်းမင်းကြီး ၏ အဆင်း အတက်ကို သတိဖြင့် ကြည့်ရှူ့ကာ နေ့ စဉ် ပြုနေကျ အရံ အတား ပျက်ပြားအောင် ကြံလေတော့သည် ။
ဒေါင်းမ လှလှကလေး တစ်ကောင်ကို ရှာကြံမွေးမြူသင်ယူပြီးခါ တောတွင်းသို့ ခေါ်လာပြီး ဥဒေါင်းမင်းကြီး အိပ်တန်းအဆင်းမှာ ညွှတ်ကွင်းများထောင်လျက် အသံပေးလိုက်လေတော့သည် ။
ဒဏ္ဍက တောင်ထိပ်ပေါ်မှ နေမင်းကြီး အား အရိုအသေပေး၍ " ဥဒေတယံ " ဂါထာရွတ်ရန် ဆင်းလာသော ဥဒေါင်းမင်းကြီးမှာ မ သံကြားသဖြင့် ဂါထာ မရွတ်အားတော့ဘဲ ဒေါင်းမလေး ထံဆင်းအလာ ညွှတ်ကွင်းမှာ မိ၍ အဖမ်းခံရကာ ရွှေ နန်းတော်တွင်းသို့ ရောက်ရှိလာတော့သည် ။
ဘုရင်မင်းမြတ် ၏ မေးခွန်း အရ မိမိ၏ အသားကို စား၍ " မအို - မနာ -မသေ " ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၊ မိမိမှာ လွန်လေပြီးသော အတိတ်ဘဝ က ဤတိုင်းပြည်မှာ ပင် စကြဝတေး မန္ဓတ် မင်း ဖြစ်စဉ်က သီလ စောင့်ထိန်းခဲ့၍ ယခုကဲ့သို့ ရွှေရောင် အဆင်း ပဝင်း၍ လှပတင့်တယ် ကာ အသက်ခုနှစ်ရာ ရှည်ရကြောင်း နှင့် ဒါန ၊ သီလ တရားများကို ဟောကြားကာ မင်္ဂလာ ဥယျာဉ် ရေကန် တော်တွင်းမှ စကြာပျံရတနာ ကို ထုတ်ဖော်ကာ ပေးလိုက်လေသည် ။
ဘုရားအလောင်း တော် ဥဒေါင်းမင်း ဖြစ်စဉ်ဘဝက ဟောကြားတော်မူသော တရားတော် ကို နာယူရသည့် ရဟန်းတော်များမှာ ကိလေသာ ကင်းကွာ၍ ရဟန္တာ ဖြစ်သွားလေသည် ။ မြတ်စွာ ဘုရား ဟောကြားချက် အရ ပြန်လည် ပေါ်ပေါက်လာသော မောရသုတ် ခေါ် ပရိတ်တော် ကို ရွတ်ဖတ်ပွါးများ ခဲ့ကြပါသည် ။

ဆက်လက်ဖတ်ရှုရန်...