စိန္တာမဏိ ဂါထာမန္တန်တော် ဖြစ်စဉ်


စိန္တာမဏိ ဂါထာမန္တန်တော် ဖြစ်စဉ်


အလိုရှိတိုင်း ၊ တောင့်တတိုင်း ၊ ပြည့်စုံစေတတ်သော စိန္တာမဏိ ဂါထာမန္တန်တော်ကြီးဖြစ်ပေါ်လာပုံမှာ ...
မြင်းမိုရ်တောင်၏ မြောက်မျက်နှာ ကို အစိုးရသော ဝေဿဝဏ္ဏ ( ကုဝေရ )နတ်မင်းကြီး ၏ထံပါး ၌ သုံးနှစ်တိုင်တိုင် အလုပ်အကျွေး ပြုစုခဲ့သော " စန္ဒာမုခိ "ဘီလူးမ သည် နတ်မင်းကြီး ၏ဆုတော် လာဘ်တော် အဖြစ် အနံ ငါးယူဇနာ ၊ အလျားယူဇနာ ၃၀ရှိသော တောအုပ်ကို အပိုင်စားရ သောတောစိုး နတ်ဘီလူးမ အဖြစ်စံမြန်းနေပေသည် ။
ထိုတောအုပ်ကို အပိုင်စားရသူပီပီ တောအုပ် အတွင်း ဖြတ်သန်းလာသူ လူသားအားလုံးတို့အား ဖမ်းဆီးသတ်ဖြတ်စားသောက်နေလေသည် ။ တစ်နေ့တွင် ဗာရာဏသီ ပြည်မှ ပုဏ္ဏား လုလင်ပျို တစ်ယောက်သည် ကုန်သည်ဘာဝ နွားလှည်းများဖြင့် တပည့်အပေါင်းခြံရံ ကာ ထိုတောအုပ်ကို ဖြတ်သန်းမိလေရာ ဘီလူးမ ၏ ဖမ်းဆီးခြင်းကို ခံရလေသည် ။
ယခင် ဖမ်းဆီးရသူများကို သတ်ဖြတ်စားသောက်လေ့ ရှိသော်လည်း ယခု ဖမ်းမိသူ ပုဏ္ဏား ငယ်မှာ ချောမောလှပ သောလူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့် မသတ်ရက် ၊ မစားရက်တော့ဘဲ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံ များကို ရှာဖွေ ကျွေးမွေးထားလေသည် ။
ဘီလူးမ နှင့် ပုဏ္ဏားနှစ်ဦးညား၍ သားကလေးတစ်ယောက် ဖွားမြင်ပြီး ၁၆ နှစ်မြောက်အရွယ်ရောက်လာသော အခါ ဖခင် နှင့် မိခင် ရုပ်သွင်ခြားနား မတူငြားသဖြင့်မိခင် အစာရှာသွားခိုက် ဖခင် ကို မေးမြန်းရာ ဖခင် က နောက်ကြောင်းဖြစ်ရပ် များပြောပြသိရှိသဖြင့် မိမိတို့ နှင့်အသွင်တူရာ လူ့ရပ်လူ့ရွာသို့ သွားလိုလှသဖြင့်မိခင်မရှိခိုက် တစ်နေ့ မိမိ ၏အားခွန်ဗလ နှင့် ကျောက်ဂူတံခါး ကို ဖွင့်၍ ဖခင် ကို ထမ်းပြီး ပြေးလေတော့သည် ။
စန္ဒာမုခိ ဘီလူး မ ပြန်လာပြီး ကျောက်ဂူ အတွင်းမှ သားအဘနှစ်ယောက်ကို မတွေ့ သဖြင့် လိုက်ရှာရာ တောတွင်းတစ်နေရာ ၌တွေ့ပြီး ပြန်ခေါ်ထားလေသည် ။
တောတွင်းမှာ မပျော်ပိုက်တော့သော သားအဘ နှစ်ယောက်မှာ နောက်မကြာမီ ယခင်ကကဲ့သို့ ထွက်ပြေးပြန်ရာ ဘီလူးမ က ပြန်လည်ဖမ်းမိပြန်လေတော့သည် ။
နှစ်ကြိမ်တိုင်ပြန်လည် အဖမ်းခံရသောသားအဘ နှစ်ယောက်မှာ အလွယ်တကူ ထွက်မပြေးဝံ့တော့ဘဲ ဘီလူးမ ယုံကြည်လောက်သည်ထိ ကိုယ်ရှိန်သတ်၍ နေရတော့သည် ။
တစ်နေ့တွင် သားဖြစ်သူက မိခင် ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အဝန်းကို မေးကာ နယ်စပ်နေရာ ဒေသများကို လိုက်လံကြည့်ရှု မှတ်သားထားလေသည် ။
သို့နှင့် အခွင့်အရေးရသော တစ်နေ့တွင် ဖခင်ကို ထမ်းကာ မိခင်၏ ပိုင်နက်နယ်စပ်လွတ်လေရာ အနီးဆုံးစခန်းသို့ လှမ်းပြေးကြလေတော့သည် ။
သားအဘ နှစ်ယောက် အတွက်သစ်သီးဝလံရှာဖွေ၍ ပြန်လာသော စန္ဒာမုခိ ဘီလူးမ မှာ ကျောက်ဂူ အတွင်းမှာ သား နှင့် လင်ကိုမ တွေ့သဖြင့်ပူပင်သောက ကြီးစွာ ပိုင်နက် အတွင်းလိုက်လံရှာဖွေရာ မိမိ ပိုင်နက် မှလွတ်ရာ မြစ်လယ်ကောင်သို့ ရောက်နေသော သား အဘ နှစ်ယောက်ကို တွေ့သဖြင့်ငိုယိုတမ်းတကာ အမြန်ပြန်လာရန် တောင်းပန် ခေါ်ငင်လေတော့သည် ။
မိခင်ပိုင်နက် မှ လွတ်မြောက် နေကြောင်းသိသော သား က ပြန်မလာနိုင်ကြောင်း ၊ အမျိုးဇာတ်တူရာ လူသားတို့ နေထိုင်ရာ လူ့ ရပ် လူ့ရွာသို့ သွားခွင့်ပြုပါတော့ ဟုပြန်လည်ပြောကြားလေတော့သည် ။
ခေါ်မရသည့် အဆုံးတွင် မိခင်ဘီလူးမကြီးက " လူ့ရပ်လူ့ရွာ မှာဘာပညာမှ ငါ့သားမတတ်လျင် ငတ်မွတ်ဆင်းရဲ ဒုက္ခကြုံလိမ့်မည် ၊ ဒီတော့ ခိုးသူ ခြေရာ ရှာပြီး ဥစ္စာကို ဖော်ပေးနိုင်တဲ့ စိန္တာမဏိ ဂါထာတော်ကို ငါ့သားသင်ယူသွားပေတော့ " ဟု မျက်ရည် လည်ရွဲ နှင့်ပူပွဲ ကြီးဆင်ကာ စိန္တာမဏိ ဂါထာတော်မြတ် ကို မြစ်ကမ်းပါးပေါ်မှ သင်ပေးလေတော့သည် ။
မြစ်လယ်မှ လက်အုပ်ချီ၍စိန္တာမဏိ ဂါထာသင်ယူနေသောသားသည် ဂါထာရသည် နှင့် တပြိုင်နက် ရုတ်တရက်လဲကျသွားသော မိခင်ကြီး ကို ပြေးထူရာ ရင်ကွဲနာ ကျ၍ ဘဝပြောင်းသွားသည်ကို တွေ့ရလေတော့သည် ။
သားအဘ နှစ်ယောက်မှာ သောက မကင်းတောတွင်းမှာပင် ဘီလူးမအလောင်းကို တောပန်းတောင်ပန်း များဖုန်းအုပ်သဂြိုဟ်ခဲ့ပြီးဗာရာဏသီ ပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည် ။
ဗာရာဏသီပြည်တွင် သူခိုး ခြေရာခံ၍ စိန္တာမဏိ မန္တန်တော်ကို ရွတ်ဆို၍ ဥစ္စာပစ္စည်းများကို ရှာဖွေပေးနိုင်သဖြင့်" ပဒကုသလ" ဟု အမည်တွင်လျက် ပညာရှင် သူကြွယ်ဖြစ်ခဲ့သည်မှ စ၍ စိန္တာမဏိ ဂါထာတော် ဟု ဖြစ်ပေါ်ရွတ်ဆိုပွါးများခဲ့ကြပါသတည်း ။

…………………………………………………………………


စိန္တာမဏိ ဂါထာတော် ရွတ်ဖတ်ရခြင်း အကျိုး

ဤ စိန္တာမဏိ ဂါထာတော် ကို ရွတ်ဆိုခြင်းဖြင့် အကြံ အစည် အောင်မြင်စေတတ်သည် ။ရာထူးဌာနန္တရရရှိစေတတ်သည် ။ လူ ၊ နတ် တို့ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည် ။ မိမိ တို့ ၏ ပစ္စည်းဘဏ္ဍာ၊ ရတနာ၊ ရွှေ ၊ ငွေ စသည်တို့ကို တစ်ပါးသူတို့ ခိုးဝှက် ယူငင်မရနိုင်ဘဲအကြိတ် အခဲ အမြဲတည်ရှိခြင်း ၊ လိုချင်တောင့်တ သော ပစ္စည်း များရရှိတတ်ခြင်း အကျိုးများကိုခံစားရရှိနိုင်လေသည် ။

ဆက်လက်ဖတ်ရှုရန်...