မောရသုတ်တော် ဝတ္ထု ဖြစ်စဉ်
မြတ်စွာ ဘုရားစံတော်မူရာ သာဝတ္ထိပြည် မွန် ဇေတဝန်ကျောင်းတော်နေ ရဟန်းတစ်ပါးသည် ဖြီးလိမ်း ဆင်ယင်အလှပြင်၍လာသော မိန်းမပျိုတစ်ဦးကို မြင်၍ စွဲလမ်းတပ်မက် သော စိတ်ဖြင့် ရဟန်းတရားများကို အားမထုတ်နိုင် ဖြစ်နေလေရာ ...သီတင်းသုံးဖော် ရဟန်းတော်များက ထိုရဟန်းအားခေါ် ၍မြတ်စွာဘုရား ထံသို့ ပို့ပြီး အကြောင်းစုံ လျှောတ်ထားကြလေသည် ။
ဘုရားရှင် က ....ထိုရဟန်းတော် ကို
" ချစ်သား ၊ သင်သည် မာတုဂါမ ကိုစွဲလမ်းသော စိတ်များဖြင့် တရားတော်၌ မမွေ့လျော်ခြင်း မှန်ပါသလား " ဟု မေးလေရာ မှန်ပါကြောင်း ပြန်ပြောင်း ဝန်ခံလေသည် ။
ထိုအခါ ဘုရားရှင်က " မာတုဂါမ ကိုစွဲလမ်းသော စိတ်သည် နှစ်ပေါင်းခုနှစ်ရာ စင်ကြယ်စွာ နေလာခဲ့သော သူတော်ကောင်းကို ပင် ကိလေသာ စိတ်ဖြင့် တုန်လှုပ်ချောက်ချား စေတတ် ၏" ဟု အစချီ ကာ ကိုယ်တော်တိုင် နုစဉ် အခါက ကြုံခဲ့ရသော မောရသုတ်တော် ကို ဟောဖော် မိန့်ကြား တော် မူလေသည် ။
ဗာရာဏသီပြည့် ရှင် ဗြဟ္မဒတ် မင်းကြီး ၏ ကြင်ယာတော် ခေမာ မိဖုရားကြီး သည် " ရွှေ အဆင်းရှိသော ဥဒေါင်းမင်း ၏တရားကို နာယူရသည် " ဟု အိပ်မက်မြင် မက်လတ် သဖြင့် ခင်ပွန်း လင် ဖြစ်သူ ဗြဟ္မဒတ် မင်းကြီး အား ရွှေဥဒေါင်း မင်း ထံ တရားနာယူ လိုကြောင်းပူဆာလေသည် ။
မင်းကြီးသည် တိုင်းပြည် အတွင်းရှိ မုဆိုးများကို ဆင့်ခေါ် မေးမြန်း ရာ ဒဏ္ဍက မည်သော တောင်ထွတ်၌ ရွှေရောင်ပဝင်း လှပတင့်တယ်ခြင်း ရှိသော ဥဒေါင်းမင်း ရှိပါကြောင်း သံတော်ဦး တင်သဖြင့် " မနာမကျင် စေ ဘဲ အရှင်ရအောင် ဖမ်း ယူရမည် " ဟုအမိန့်တော် ချမှတ်လေသည် ။
ဒဏ္ဍက ရွှေတောင်ရှိ ဥဒေါင်း မင်း ကြီးသည်ကား .....နံနက်အိပ်တန်းမှ ဆင်းလျှင်ဆင်းချင်း နေမင်းကြီးအား အရိုအသေ ပေးလျက် " ဥဒေတယံ " အစချီသော ဂါထာ ကို ရွတ်ဆိုပြီး မှ အစာရှာလေ့ရှိသည် ။ ညနေပိုင်းမှာ ဝင်လု ဆဲဆဲနေမင်းကြီးအား အရိုအသေပေးလျက် " အပေတယံ " အစချီသော ဂါထာတော်ကို ရွတ်ဆိုပြီးမှအိပ်တန်း တက်လေ့ရှိလေသည် ။
ထို နိစ္စဗတ်ဝတ် မပျက်ခြင်းကြောင့် ....မုဆိုးများက နည်းအမျိုးမျိုးဖြင့် အရှင်ရအောင် ညွှတ်ကွင်း ထောင်၍ ဖမ်းပါသော် လည်း မမိနိုင်ဘဲ ဖြစ်၍နေလေသည် ။ခေမာ မိဘုရားကြီးမှာလည်းထို ရွှေဥဒေါင်းမင်း ထံမှ တရားနာလို စိတ်နှင့် ပင် ခုနှစ် နှစ်တိုင်တိုင် စောင့်ပါသော်လည်း ဆန္ဒ မပြည့်ဝဘဲ နတ်ရွာစံရရှာလေသည် ။
ဗြဟ္မဒတ် မင်းကြီး လည်း ဤရွှေဥဒေါင်း ကို အကြောင်းပြု၍ ခေမာ မိဘုရားကြီး နတ်ရွာစံရလေသည် ဟု စိတ်နာကာ " ဒဏ္ဍက ရွှေတောင်ရှိ ရွှေဥဒေါင်း မင်း အသား ကို စားရပါက မအိုနိုင် ၊ မနာနိုင် ၊ မသေနိုင် " ဟု ရွှေပေလွှာကမ္ပည်း ထိုး၍ ထားခဲ့ပြီး နတ်ရွာလားလေသည် ။
ထို့နောက် မင်း ၆ ဆက်တိုင်တိုင် ရွှေပေလွှာအရ ဖမ်းကြသော်လည်း မမိနိုင်ဘဲ နှစ်ပေါင်း ခုနှစ်ရာတိုင်ကြာလာခဲ့ လေတော့သည် ။
ခုနှစ်ဆက် မြောက်မင်းလက်ထက် ရွှေဥ ဒေါင်းမင်းကြီး အားဖမ်းရန် တာဝန်ကျသော မုဆိုးမှာ လိမ္မာ ပါးနပ်သူ ဖြစ် သဖြင့် ရွှေဥဒေါင်းမင်းကြီး ၏ အဆင်း အတက်ကို သတိဖြင့် ကြည့်ရှူ့ကာ နေ့ စဉ် ပြုနေကျ အရံ အတား ပျက်ပြားအောင် ကြံလေတော့သည် ။
ဒေါင်းမ လှလှကလေး တစ်ကောင်ကို ရှာကြံမွေးမြူသင်ယူပြီးခါ တောတွင်းသို့ ခေါ်လာပြီး ဥဒေါင်းမင်းကြီး အိပ်တန်းအဆင်းမှာ ညွှတ်ကွင်းများထောင်လျက် အသံပေးလိုက်လေတော့သည် ။
ဒဏ္ဍက တောင်ထိပ်ပေါ်မှ နေမင်းကြီး အား အရိုအသေပေး၍ " ဥဒေတယံ " ဂါထာရွတ်ရန် ဆင်းလာသော ဥဒေါင်းမင်းကြီးမှာ မ သံကြားသဖြင့် ဂါထာ မရွတ်အားတော့ဘဲ ဒေါင်းမလေး ထံဆင်းအလာ ညွှတ်ကွင်းမှာ မိ၍ အဖမ်းခံရကာ ရွှေ နန်းတော်တွင်းသို့ ရောက်ရှိလာတော့သည် ။
ဘုရင်မင်းမြတ် ၏ မေးခွန်း အရ မိမိ၏ အသားကို စား၍ " မအို - မနာ -မသေ " ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၊ မိမိမှာ လွန်လေပြီးသော အတိတ်ဘဝ က ဤတိုင်းပြည်မှာ ပင် စကြဝတေး မန္ဓတ် မင်း ဖြစ်စဉ်က သီလ စောင့်ထိန်းခဲ့၍ ယခုကဲ့သို့ ရွှေရောင် အဆင်း ပဝင်း၍ လှပတင့်တယ် ကာ အသက်ခုနှစ်ရာ ရှည်ရကြောင်း နှင့် ဒါန ၊ သီလ တရားများကို ဟောကြားကာ မင်္ဂလာ ဥယျာဉ် ရေကန် တော်တွင်းမှ စကြာပျံရတနာ ကို ထုတ်ဖော်ကာ ပေးလိုက်လေသည် ။
ဘုရားအလောင်း တော် ဥဒေါင်းမင်း ဖြစ်စဉ်ဘဝက ဟောကြားတော်မူသော တရားတော် ကို နာယူရသည့် ရဟန်းတော်များမှာ ကိလေသာ ကင်းကွာ၍ ရဟန္တာ ဖြစ်သွားလေသည် ။ မြတ်စွာ ဘုရား ဟောကြားချက် အရ ပြန်လည် ပေါ်ပေါက်လာသော မောရသုတ် ခေါ် ပရိတ်တော် ကို ရွတ်ဖတ်ပွါးများ ခဲ့ကြပါသည် ။
No comments:
Post a Comment