ပရိတ်တော်ဟူသည်

ပရိတ်တော်ဟူသည့် စကားသည် ပရိတ္တဟူ သည့် ပါဠိမှ ဆင်းသက်လာခြင်း ဖြစ်သည်။
အရံအတားဟု ဆိုလိုကြောင်း ပရိတ်အဖွင့်ကျမ်းများက ဆိုပါသည်။
ပရိတ္တသဒ္ဒါသည် ထက်ဝန်းကျင်မှ ကျရောက်လာတတ်သော ဘေးဥပဒ်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်ချင်း ဖြစ်ကြောင်းလည်း ဖွင့်ဆိုပေသေးသည်။
တနည်းအားဖြင့် အကာအကွယ်ဟု လည်းခေါ်ဆိုနိုင်ပါသည်။
မည်သို့ပင်ဆိုစေ ပရိတ်ဟူသည် ရောဂါဘေးအန္တရာယ် မဖြစ်အောင်၊ မကျရောက်အောင်ထက်ဝန်းကျင်မှ စောင့်ရှောက်ကာကွယ်တတ်သော တရားတော်ဟူ၍ မှတ်သားနိုင်ပါသည်

ပရိတ်တရားတော်များသည် ဘုရားရှင် လေးဆယ့်ငါးဝါကာလအတွင်း ဟောကြားခဲ့သည့် ဗုဒ္ဓါ ဘိသေက ဒေသနာတော်များ ဖြစ်သဖြင့် ယုံကြည်မှု သဒ္ဓါ အပြည့်ဖြင့် ရွတ်ဖတ်ပူဇော်ပါက လောကီ လောကုတ်အကျိုး နှစ်ဖြာတို့ကို မုချမှန်ကန်စွာ ရရှိနိုင် ကြမည် ဖြစ်ပေသည်။

ပရိတ်တော်တို့တွင် 'ပရိတ္တံ တံ ဘဏာမဟေ' ဟူသော အမွှမ်းပါလျှင် ပရိတ်ကြီးဟု ခေါ်တွင်၍ ပရိတ္တံ သီးသန့်မပါသော 'မင်္ဂလံ တံ ဘဏာမဟေ' အမွှမ်းပါလျှင် ပရိတ်ငယ် ဖြစ်သည်ဟု ရှေးပညာရှင်များက မိန့်ဆိုကြပါသည်။

မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဋ္ဌ်တော်များဖြစ်သဖြင့် သဒ္ဓါတရား ထက်ထက်သန်သန်၊ အကျင့်ကောင်းသီလတို့ဖြင့် ရွတ်ဆိုပါက အစွမ်းထက်မြက်၍ မိမိလိုရာ ခရီးကို မလွဲဧကန် ရောက်ရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

No comments: